အာဏာသိမ်းစစ်ကောင်စီနှင့် လက်တွဲပြီး ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

0
110

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်။

အာဏာသိမ်းစစ်ကောင်စီနှင့် လက်တွဲပြီး ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။

မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာပြီးနောက် အစိုးရထံ လက်နက်ချ အလင်းဝင်ခဲ့သည့် ၁၂ နှစ်ပြည့်သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီနှင့် လက်တွဲကာ ပြည်သူ့စစ်အဖြစ် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် စစ်ကောင်စီနှင့် လက်တွဲခြင်းဖြစ်သည်ဟုလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

”ပြည်သူတွေရဲ့ နေ့စဉ် လူမှုဘဝအေးချမ်း တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်” ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

ထို့အပြင် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အတွင်းက ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ အသတ်ခံနေရသည့်အတွက် လက်နက်ပြန်ကိုင်ရခြင်းဖြစ်သည်ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

လက်နက်ချ အလင်းဝင်ခဲ့သည့် ၁၂ နှစ်ပြည့်နေ့တွင် စစ်ဦးစီချုပ် ဗိုလ်ချုပ်နိုင်ရှောင်၏ တာဝန်များကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းထံ လွှဲပြောင်းပေးခဲ့ကြောင်းလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

”မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က အလင်းဝင်ပြီးနောက်မှာ အစိုးရက ချထားပေးတဲ့နေရာမှာ ဂိတ်ဖွင့် အခွန်ကောက် အဲဒါပဲရှိတယ်။ စစ်ရေးလှုပ်ရှားမှု ဘာမှမရှိဘူး” ဟု နီးစပ်သည့် မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၀၈ ခုနှစ်က မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့်အဖွဲ့ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် တပ်အင်အား ၂၀၀ ကျော် လက်နက်ငယ်များနှင့်အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

အဆိုပါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရားမဝင်လက်နက်များအပြင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here