ကော့ကရိတ်မြို့နယ်အတွင်း ကြိတ်စခန်းအစား တပ်စခန်းသစ်ချရန် စစ်ကောင်စီ ကြိုးပမ်းနေဟုဆို

0
124

အောက်တိုဘာလ (၁၀) ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အောက်တိုဘာလ (၆) ရက်နေ့မှစ၍ ကွင်းကလေးကျေးရွာနှင့် ကော့သနော့ကျေးရွာအကြားတွင် စစ်ကောင်စီဘက်မှ တပ်စခန်းချလာဖွယ်ရှိလာနိုင်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ (၂၀) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီခြေကုပ်စခန်းတစ်ခုဖြစ်သည့် ကြိတ်စခန်းကို (KNLA) ဒေါနစစ်ကြောင်း တပ်ရင်း (၁၈) နှင့် ပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ကော့သနော့ကျေးရွာအကျော် ကွင်းကလေးကျေးရွာ မရောက်ခင်အချိန်တွင် အနီးအနားရှိကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကာ ကြိတ်ခစန်းတွင် သေဆုံးသွားသည့် တပ်သားများနှင့် စခန်းတစ်ခုလုံးကို မီးရှို့ရန် သွားရောက်ခဲ့ပြီး လက်ရှိမှာတော့ ကွင်းကလေးကျေးရွာအကျော် ကော့သနော့ကျေးရွာကြားထဲတွင် စစ်ကောင်စီတပ်ဖွဲ့များရှိနေပြီး စခန်းထပ်မံချလာဖွယ်ရှိသည်ဟု (KNLA) တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ဒီကောင်တွေက ကြာအင်းဆိပ်ကြီးမှာ လူစုနေတာ (၁) လကျော်ပြီး။ ကော့သနော့အကျော် ကွင်းကလေးမရောက်ခင်မှာ ရွာတွေထဲကို လက်နက်ကြီးပစ်တယ်။ ပစ်ပြီးမှ ကြိတ်စခန်းမှာ သေနေတဲ့စစ်သားတွေရော စခန်းတစ်ခုလုံးကို ရှင်းလင်းမီးရှို့ဖို့တက်လာတာ။ ကြိတ်စခန်းကပြန်လာတော့ ရွာထဲကို လက်နက်ကြီးပစ်တာငြိမ်သွားတယ်။ စခန်းက ထိုင်လား မထိုင်ဘူးလားဆိုတာတော့ မသိရသေးဘူး။ စခန်းထိုင်မယ်လို့တော့ သတင်းရထားတယ်” ဟု ပြောသည်။

ထို့အပြင် ကွင်းကလေးကျေးရွာတွင် အိမ်ခြေပေါင်း (၃၉၈) လုံးရှိသည့်အနက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုမျာကြောင့် ကျေးရွာထဲရှိ အိမ်ခြေပေါင်း (၄၀) ကျော်ထိခိုက်ပျက်စီးခဲ့ရသည်ဟု ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာခရိုင်က သတင်းထုတ်ပြန် ထားသည်။

ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်များနှင့် (KNLA) တပ်ဖွဲ့များအကြား တိုက်ပွဲနေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိနေပြီး စက်တင်ဘာလ (၂၀) ရက်နေ့တွင် (KNLA) တပ်ဖွဲ့များက သိမ်းပိုက်ထားသည့် ကြိတ်စခန်းတွင် စစ်ကောင်စီတပ်ဘက်မှ (၂၀) ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNU ဘက်က သတင်းထုတ်ပြန်ထားသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here