အာရှလမ်းမ ဒေါနတောင်ပေါ်လမ်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း လိုင်းကားပြေးဆွဲသူများရှိနေ

0
95

၂၂ ဩဂုတ်လ ၂၀၂၂ ခုနှစ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့၏ ကျားဖြူတပ်ခွဲ (၁) တပ်ခွဲမှူး ဗိုလ်မှူးကြီးစောကျော်သက်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ကစ၍ ကော့ကရိတ်မြို့အတွင်းရှိ စစ်ကောင်စီ၏လက်အောက်ခံ ရဲစခန်းများကို KNLA ပူးပေါင်း တပ်ဖွဲ့ဝင်များက အဖွဲ့ခွဲ၍ ဝင်ရောက်တိုက်ခိုက်မှုအပြီး ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိ အဆိုပါ ကော့ကရိတ်မြို့အနီး အာရှလမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်းများရှိရာ နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကျားဖြူတပ်ခွဲ (၁) ၏ တပ်ခွဲမှူး ဗိုလ်မှူးကြီး စောကျော်သက်က ယခုလို ပြောသည်။

“မနက် (၉) နာရီကျော်မှာ စပစ်တယ်။ ကော့ကရိတ်ဘက်က နေ့တိုင်းပဲ တိုက်ပွဲဖြစ်နေတယ်။ အခုထိလဲပစ်နေတုန်းပဲ။ နေ့တိုင်းပဲ ပစ်တယ် ဒီနေ့လဲ ပစ်နေတယ်။ အခုအချိန် ထိမပြီး သေးဘူး။ စစ်ကောင်စီရဲ့လှုပ်ရှားမှုက ဘာမှ ထွေထွေအထူး ထူး မရှိသေးဘူး။ သူတို့ဘက်ကအင်အား သိပ်မရှိတော့ဘူး လေ။တိုက်ပွဲလှုပ်ရှားမှုက ပြင်းပြင်းထန်ထန်လှုပ်ရှားဖို့ သိပ်မရှိတော့ဘူး။ အဲ့တာကြောင့် ဒီဘက်က ဝင်တိုက်တာပေါ့။အထိအခိုက်အကျအဆုံးကတော့ တိတိကျကျ မသိရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများကြောင့် ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမကို စစ်ကောင်စီဘက် ပိတ်ခဲ့ပြီး အလားတူ မြဝတီမြို့အနီးရှိ နယ်စပ်ကုန်သွယ်ရေးဇုန်ကိုပါ ပိတ်လိုက်ကာ ဇုန်ထဲရှိ ဝန်ထမ်းများနှင့် ကားများကို မြဝတီမြို့ထဲသို့ အမြန်ရွှေ့ပြောင်းခိုင်းခဲ့ကာ ယနေ့သြဂုတ်လ (၁၉) ရက်၊ နံနက် (၉) နာရီအချိန်တွင်မူ အဆိုပါဇုန်ကို စစ်ကောင်စီတပ်က ပြန်လည်ဖွင့်ပေးလိုက်သလို့ အာရှလမ်းမကိုလည်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

“မနက်ဘက်ကတိုက်ပွဲဖြစ်ထားတယ်လေ။ ဒီနေ့လည်းဖြစ်တော့ အဲ့ဒီစခန်းကို ဝင်တိုက်မှာဆိုးလို့ သူတို့မိသားစုတွေကို မနေ့ညနေက မြဝတီမြို့ထဲက ၂၇၅ စစ်တပ်ဝန်းထဲကို ပြန်ပို့တယ်လို့ထင်တယ်။ အခုက စစ်ပွဲက များလာတယ်ဆိုတော့ သူတို့ကို ဝင်တိုက်မှာဆိုးလို့ ကြိုတင်ရွေ့ထားတာ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် အဆိုပါ ဒေသတွင် စစ်ကောင်ဘက်မှ လက်နက်ကြီးဖြင့် ကျေးရွာများထဲသို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဒေသခံရွာသားများ ထိခိုက်သေဆုံးမှုတချို့ရှိခဲ့သလို ယနေ့တွင်လည်း စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ဗုံးကြဲမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here