ဒီးမော့ဆိုမြို့ ဘက်တလိန်ရွာမှာ စစ်ကြောင်းထိုးလာတဲ့ စကစတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ

0
103

၈ သြဂုတ် ၂၀၂၂

ကရင်နီပြည် လွိုင်ကော်မြို့ကနေ စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒီးမော့ဆိုမြို့ ဘက်တလိန်ကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ဒီးမော့ဆိုမြို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်နာရီခွဲကြာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက လွိုင်ကော်နဲ့ ဒီးမော့ဆိုကြားမှာရှိတဲ့ တပ်တွေက စစ်ကြောင်းထိုးလာတဲ့အတွက် ကျနော်တို့ KA နဲ့ KNDF တပ်ရင်း ၉ နဲ့ ဒီးမော့ဆို PDF တပ်ရင်း (C) က စုပေါင်းပြီးတော့ ဘက်တလိန်ကျေးရွာမှာ ဝင်ပစ်ကြတယ်။ ၁၀ နာရီမှာ စပစ်တယ်။ တိုက်ပွဲဖြစ်တာက တစ်နာရီခွဲကြာတယ်။ ကျနော်တို့ဘက် ထိခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ထိခိုက်တာတွေရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒရုန်း၊ ၆၀ မမတွေနဲ့ ပစ်ခတ်တဲ့အတွက် သူတို့ရှိတဲ့နေရာကိုကျတယ်။ ထိခိုက်တာရှိလားတော့ သေချာအတည်မပြုနိုင်ပေမယ့် ထိခိုက်နိုင်ခြေများတယ်။” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အချိန်အတွင်း ဒီးမော့ဆိုမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၄၂၇ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာအတွင်း လက်နက်ကြီး ၃ လုံး ကျရောက်ခဲ့ပါတယ်။

လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့အတွက် လူနေအိမ်နှစ်လုံး စင်ထိမိပြီး ကြက် ၂ ကောင်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီကနေ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ အသက်အန္တရာယ်စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

“ရွာထဲကို မပစ်လာစေချင်ဘူးပေါ့နော။ ကြောက်တယ်ပေါ့နော။ ကလေးတွေလည်းများတယ်။ သူများတွေလိုလည်း မသွားနိုင် မလာနိုင်။ အိမ်မှာပဲ နေ။ မသွားနိုင်ဘူးလေ။ စဉ်းစားကြည့် ဟိုသွားဒီသွား။ ပိုက်ဆံတွေလည်းမရှိ။ ကိုယ့်ကလေးတွေလည်းများ။ မိသားစုက ၇ ယောက် အမေက အသက် ၈၀ကျော်ပြီ။ ကလေးက ငယ်သေးတယ်။” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် လက်နက်ကြီး မကြာခဏကျရောက်ပြီး နေအိမ်၊ တိရိစ္ဆာန်အပြင် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ ရှိနေပါတယ်။

ဒီးမော့ဆိုမြို့ ဘက်တလိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ်ကနေ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေ ရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို ဖောက်ထွင်းဖျက်စီးတာ၊ ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲထားတာ လူနေအိမ်တွေကိုမီးရှို့တာတွေ ပြုလုပ်နေတဲ့အတွက် KNDF B-09 နဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ KNDF က ဩဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မီမြာ (ကန္တာရဝတီတိုင်းမ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here