ဖားကန့်မြို့နယ် ဆယ်ဇင်းရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် SNA စခန်းတစ်ခုအား KIA သိမ်းပိုက်

0
165

၈ သြဂုတ် ၂၀၂၂

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၂ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆယ်ဇင်းကျေးရွာတွင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် SNA တပ်စခန်း ၂ ခုကို KIA က သွားရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း KIA နှင့် နီးစပ်သည့် မိုင်းနှောင် ဒေသခံပြည်သူ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

“ဒီမနက် KIA ဘက်က ကျနော်ကို ဖုန်းပြောလာတယ် စစ်ကောင်စီတပ်စခန်းနဲ့ ရှမ်းနီတပ်စခန်း ၂ ခုစလုံးကို ရှင်းလင်းလိုက်ပြီ။ အခုသိမ်းလိုက်တဲ့ စခန်းတွေက ဆယ်ဇင်းရွာအတွင်းမှာဘဲ အဲ့စခန်း ၂ ခုစလုံးက ကပ်ယက်ရှိကြတဲ့ စခန်းတွေဖြစ်တယ်။ KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့သတင်းက မှန်ပါတယ်” ဟု ပြောဆိုသည်။

လက်ရှိ ဆယ်ဇင်းကျေးရွာဘက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် ထိခိုက်မှုကို အသေးစိတ်မသိရသော်လည်း စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့တို့ ထိခိုက်သေဆုံးမှုများပြားပြီး KIA ဘက်မှလည်း ထိခိုက်မှုရှိကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီနောက် ဆယ်ဇင်းဒေသတွင် ရှမ်းနီတပ်များ နယ်မြေစိုးမိုးရန်အတွက် စစ်ရေးလှုပ်ရှားမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်နေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

ဆယ်ဇင်ဒေသတွင် ပြီးခဲ့သော ဇူလိုင်အတွင်းမှစတင်ကာ စစ်ကောင်စီတပ်၊ ရှမ်းနီပူးပေါင်းတပ်နှင့် KIA တို့ကြား တိုက်ပွဲ ၁၀ ရက်ခန့်အကြာ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည့် နေရာဒေသတစ်ခုဖြစ်ပါသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here