စစ်တွေမြို့နယ် နာဇီရွာတွင် ဒေသခံအရပ်သားတစ်ဦးအား ALP/ALP တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့၊ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ နှစ်ဦးအား ဖမ်းဆီးထားဟုဆို

0
112

၈ သြဂုတ် ၂၀၂၂

စစ်တွေမြို့နယ်အတွင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင်အချို့က အရပ်သားနှစ်ဦးကို ဖမ်းဆီးထားပြီး နောက်ထပ်ဒေသခံတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်တွေမြို့နယ် နာဇီရွာ မီးလောင်ကွင်းတွင် ဖွင့်လှစ်ထားသည့် ALP ရုံးအနီးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ALP တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး နောက်ထပ်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

“ALP ရုံးနားမှာ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကိုဖမ်းသွားတယ်။ နောက်ထပ် အမျိုးသားတစ်ယောက်ကိုလည်း လိုက်ဖမ်းတာ ဖမ်းမမိလို့ သေနတ်နဲ့ လိုက်ပစ်တာ ခြေထောက်မှာ ထိသွားတယ်ထင်တယ်။ ဒါပေမယ့် သူ့ကိုတော့ ဖမ်းမမိလိုက်ဘူး” ဟု အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူအမျိုးသားမှာ ကိုသိန်းဆန်းဖြစ်ပြီး လက်ရှိ အေးငြိမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း နာဇီရွာရပ်ကွက်မှ ဒေသခံတစ်ဦးက ဆိုသည်။

“အခု သူ အေးငြိမ်းမှာ ဆေးကုသမှုခံယူနေရပါတယ်။ ALP က လိုက်ဖမ်းတာ ဖမ်းမရလို့ သေနတ်နဲ့ လှမ်းပစ်တာတဲ့။ ၂ ယောက်မှာ တစ်ယောက်ကတော့ အဖမ်းခံလိုက်ရတယ်ပြောတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မည်သူမည်ဝါဖြစ်သည်ကို နိရဉ္စရာသတင်းဌာက အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ဩဂုတ်လ (၂) ရက်နေ့ ညနေ (၆) နာရီခန့်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှ ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို နေအိမ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄င်းနှင့်အတူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်ကို ဖမ်းဆီးခံပြီးနောက် ယခုပြဿနာများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ALP က သြဂုတ် ၃ ရက်နေ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် “ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်လို့ ALP/ALA အနေနှင့် ရခိုင်အမျိုးသားစည်းလုံး ညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်သည့် ဖြစ်ရပ်ဟုရှုမြင်ပြီး ရခိုင့်လူမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း” ရေးသားဖော်ပြထားသည်။

အမည်မဖော်လိုသူ စစ်တွေမြို့မှ နိုင်ငံရေးသမားတစ်ဦးက “ALP အနေဖြင့် ပြဿနာကို ခေါင်းအေးအေးထားပြီး ဖြေရှင်းသင့်ပါတယ်။ အခုလို အရပ်သားတွေကို ဖမ်း၊ သေနတ်နဲ့ပစ်တဲ့အထိ ဖြစ်လာတာက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ အမျိုးသားစည်းလုံးညွတ်ရေးကို အမှန်လိုလားတယ်ဆိုရင် ကိုယ်တိုင်ကသည်းခံပြီး အနစ်နာခံ တည်ဆောက်ဖို့လိုပါတယ်” ဟု ပြောကြားသည်။

ဒု-ဗိုလ်မှူးကြီးခိုင်ပေါ်လင်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် ALP/ALA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ခမရ (၃၅၄) တပ်ရင်းမှ တပ်ဖွဲဝင်များ ပူးပေါင်းလျက် ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားကြောင်း Arakan Princess Media (APM) တွင် သတင်းဖော်ပြထားသည်။

ယခုကဲ့သို့ ဒေသခံများကိုဖမ်းဆီးမှုတွင် ALP/ALA ပါတီမှ ပါဝင်ပတ်သက်ကြောင်း သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး ALP တွဲဖက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းကို ဆက်သွယ မေးမြန်းရာ ဒေသခံများဖမ်းဆီးခံရမှုမှာ ဟုတ်မှန်သော်လည်း ALP နှင့် သက်ဆိုင်မှုမရှိကြောင်း ပြောဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်း အသေးစိတ် မသိရသေးသဖြင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here