မောင်တောမြောက်ပိုင်း ကျေးရွာတာဝန်ခံတစ်ဦး ဖမ်းဆီးခံရပြန်

0
125

၂၂ ဇူလိုင် ၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာအုပ်စု၊ သာယာကုန်း (တောင်ပြို) ကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၃၂ အရွယ် ဦးဘသိန်းဖြစ်ပြီး ၎င်းမှာ သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၂) သို့ အစည်းအဝေးသွားရာတွင် နေအိမ်သို့ ပြန်မရောက်လာတော့ဘဲ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဦးဘသိန်း၏ မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြုပြောဆိုသည်။

“တောင်ပြိုဗျုဟာကုန်းက အစည်းအဝေးခေါ်တယ်ဆိုပြီးတော့ သူတို့နှစ်ယောက်ကသွားတာ။ ဗျုဟာကုန်းကိုရောက်တော့ တစ်ယောက်တစ်နေရာစီ ထားတယ်လို့ပြောတယ်။ ပြန်လာတော့ သင်္ဘောလှအုပ်ချုပ်ရေးမှူး တစ်ယောက်တည်းပြန်လာတယ်။ သာယာကုန်းကျေးရွာတာဝန်ခံ မပါဘူး။ သူ့ကို အဲဒီဗျုဟာက ဖမ်းဆီးလိုက်တာပါ” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူ ဦးဘသိန်းမှာ သာယာကုန်း (တောင်ပြို) ကျေးရွာတွင် ကျေးရွာတာဝန်ခံလုပ်ဆောင်နေသည့်မှာ ၂ နှစ်ခန့်ရှိပြီးဖြစ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သူဖြစ်သဖြင့် မည်သည့်အတွက်ကြောင့်ဖမ်းဆီးသည်ကို မသိရသေးဟု ၎င်းကပြောသည်။

ယင်းအပြင် ဦးဘသိန်း၏နေအိမ်ကို ယမန်နေ့က ရဲတပ်ဖွဲ့ဝင်များလာရောက်ကာ ဈေးဆိုင်ခန်းနှင့် နေအိမ်အတွင်းရှိ ပစ္စည်းများကိုဝင်ရောက်ရှာဖွေမှုများရှိခဲ့ကြောင်း မိသားစုဝင်များကဆိုသည်။

“မနေ့က သာယာကုန်းရဲစခန်းကရဲတွေ အိမ်ကိုဝင်လာပြီးတော့ မွှေနှောက် စစ်ဆေးတာတွေရှိတယ်။ နောက်ပြီးတော့ ဆိုင်ခန်းတွေကိုလည်းစစ်တယ်။ ဓာတ်ပုံတွေလည်း ရိုက်သွားတယ်။ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး။ ဒါကြောင့် မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ နောက်ပြီး သူ့မှာ ဘာမှအပြစ်လုပ်ထားတာမရှိတဲ့အတွက် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင်လည်း အဆိုပါကျေးရွာအတွင်း မြန်မာစစ်တပ်တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ရောက်ရှိနေကာ ဘုန်းတော်ကြီးကျောင်းတွင် စုဝေးနေထိုင်ခြင်း၊ ကျေးရွာအတွင်း သွားလာလှုပ်ရှားနေကြသည့်အတွက် ကျေးရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သာယာကုန်း (တောင်ပြို) တာဝန်ခံကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ယမန်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ၂ ဦးကို စစ်ကောင်စီတပ်နှင့်နယ်ခြားစောင့်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကာ ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၇) တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးမှုရှိခဲ့ပြီး ၁၄ ဦးဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်တော် (AA) မှ ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခြင်းမှာ စစ်ကောင်စီတပ်က ဒေသခံများကို သံသယထားကာ အပြစ်မရှိဘဲဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ရွာသားများကဆိုသည်။

ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် (AA) က (ဇူလိုင်လ ၁၉ ရက်) တွင် ထုတ်ပြန်ထားသည်။

အောင်ထိန်(DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here