မိုးမိတ်မြို့နယ် မြို့သစ်ရွာတွင် ဗုံးနှစ်လုံး ပေါက်ကွဲသဖြင့် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရ

0
290

၇ ဇူလိုင်လ ၂၀၂၂

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သားနှစ်ဦးမှ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် မိုးမိတ်မြို့နယ် အရှေ့ဘက်ရှိ မြို့သစ်ကျေးရွာ၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ည ၁၀ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့တာပါ၊ နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲတာ၊ ဒီမြို့သစ်က ဌာနဆိုင်ရာရုံးတွေ စစ်ကောင်စီတွေ သွားလာလှုပ်ရှားတဲ့နေရာပေါ့၊ အဲ့ရုံးတွေမှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားနှစ်ဦးက ဗုံးထိပြီး ထိခိုက်ဒဏ်ရာရသွားတာပါ” ဟု အထက်ပါဒေသခံက ပြောသည်။

မည်သည့်အဖွဲ့အစည်းမှ တပ်ဆင်ထားသည့် ဗုံးဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ယင်းဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတို့မှ မြို့အဝင်/အထွက် စစ်ဆေးမှု တင်းကြပ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“မြို့အဝင်အထွက်တိုင်းမှာ စစ်ဆေးမှုတင်းကြပ်လာတယ်၊ မြို့ထဲမှာလည်း မထင်ရင်မထင်သလို စစ်ဆေးမှုတွေလုပ်တယ်၊ မှတ်ပုံတင်တွေစစ်တယ်၊ ပြီးတော့ လက်နက်တွေ တစ်ဖက်တည်း ပစ်ခတ်တာမျိုးတွေလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ထိတွေ့တိုက်ပွဲ မရှိသေးသော်လည်း ဆင့်ကဲကျေးရွာဘက်တွင် လက်နက်ကြီး လက်နက်ငယ်ဖြင့် တစ်ဖက်တည်း ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်တွင် စစ်ကောင်စီတို့မှ စစ်အင်အားဖြည့်တင်းမှုနှင့် လက်နက်များ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

မိုးမိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ခလရ ၂၆၇ နှင့် ခလရ ၃၄၈ တို့ဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here