စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ် မဒပ်ရွာမှ ကလေးငယ်တစ်ဦး ခြေတဖက် ပြတ်သွား

0
115

၂၄ မေ ၂၀၂၂

ချင်းပြည်နယ် မင်းတပ်မြို့နယ် မဒပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦး ခြေထောက်ပြတ်သွားပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မေလ ၂၃ ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က မင်းတပ်မြို့အခြေစိုက် ခရလ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာဘက်တွင် လက်နက်ကြီးကျည် ၆ ကြိမ်ခန့်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးမှာ ကျည်ထိမှန်မှုကြောင့် ဘယ်ခြေထောက်ပြတ်သွားပြီး တဖက်ပေါင်အရိုးလည်းထိမှန်ခဲ့သည်ဟု မဒပ်ကျေးရွာသား တစ်ဦးထံမှသိရသည်။

“လက်နက်ကြီးကျလာပြီးမှ အိမ်ဘေးနားကသရက်ပြင်ကိုထိပြီး ကလေးက အိမ်ရှေ့ကို ထွက်တဲ့အချိန်မှာ ဗုံးနဲ့သွားတိုးကော ညာဘက်ခြေထောက်က ဒိုးအောက်ကနေပြတ်ထွက်သွားတယ်၊ ဘယ်ဘက်ကျတော့ ပေါင်အရိုးထိသွားတယ် သူ့အမေကျတော့ နည်းနည်းထိရုံပဲ” ဟု မဒပ်ကျေးရွာသားက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်သည့်ကလေးငယ်ကို မင်းတပ်မြို့သို့ပို့ဆောင်ကာ ထိုမှတဆင့် မန္တလေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာ လျှက်ရှိကာ ယမနေ့ညကလည်း မင်းတပ်မြို့အရှေ့ပြင် မီးသတ်ကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Mindat က သွားရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်ထားသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here