အုန်းဖျန်စခန်းမှ ဒုက္ခသည် ၂ဝဝခန့် မြဝတီကြိုဆိုရေးစခန်းသို့ ရောက်ရှိ

0
380

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုဖြင့် မိမိဆန္ဒအလျှောက်နေရပ်ပြန်ရေး အစီအစဉ်အရ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR နှင့် ထိုင်းပြည်ထဲရေးတို့ အတည်ပြုထားသည့် ထိုင်း-မြန်မာနယ်စပ်၊ အုန်းဖျန် ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၉၉ ဦး ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) မြန်မာနိုင်ငံသို့ ထပ်မံ ပြန်လည် ရောက်ရှိခဲ့ကြသည်။

အုန်းဖျန် ဒုက္ခသည်စခန်းအတွင်းရှိ နေရပ်ပြန်လိုသူများအတွက် UNHCR မှ ဖွင့်လှစ်ပေးနေသည့် ဆန္ဒ အ လျောက် ဌာနေပြန်သွားရေးအကျိုးဆောင်ဌာန(Voluntary Repatriation Center–VRC)မှတစ်ဆင့် အမည် စာရင်း လာရောက်တင်သွင်းထားသည့် အိမ်ထောင်စု ၄၈ စု မှ ဒုက္ခသည် ၂၀၁ ဦးတွင် ၁၉၉ဦးသာ ပြန် လည်ဝင်ရောက်လာသည်ဟု ထိုင်းတာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးလင်းထွဋ်က “ကနဦး ကျနော်တို့ သိထားတဲ့စာရင်းအရက ၂၀၁ဦးပေါ့။ ဒါပေမဲ့ အခု လက်ရှိ လူဝင်မှု ကြီးကြပ်ရေးတာဝန်ရှိသူတွေက လိုက်စစ် ဆေးနေတုန်းပါပဲ၊ စိစစ်ပြီးမှ ဘယ်နှစ်ဦးဆိုတာကို အတည်ပြုပြောလို့ရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည်များကို UNHCR ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration-IOM)မှ တာဝန်ရှိသူများဦးဆောင်၍ မြန်မာပြည်ဘက်ခြမ်းရှိ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီးဘုရား လမ်း၊ ကြိုဆိုရေးစခန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ထို့အပြင် ကရင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် မြို့ခံလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကြိုဆိုနေရာချပေးခဲ့ကြ သည်။

အုန်းဖျန် ဒုက္ခသည်တစ်ဦးဖြစ်သူ နော်မုစေး က “ အခုဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာထောက်ပံ့မှုတွေလည်း လျှော့ချခံရတယ်။ သွားဖို့၊ လာဖို့ကလည်း အဆင်မပြေဘူး။ အပြင်ထွက်လို့လည်း မရ။ ကျမတို့ ဒီကို ပြန်လာရင် သွားရ၊ လာရ အဆင်ပြေမယ်ပေါ့။ ကိုယ့်ဒေသနဲ့ကိုယ်ဆိုတော့ ပိုအဆင်ပြေမယ်လို့ထင်တာဘဲလေ။ အခုလေး ကေကော်မှာပြန်နေမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဒုက္ခသည်များ မိမိနေရပ်ပြန်လာရာတွင် သယ်ယူပို့ဆောင်ရေး၊ ခရီးစရိတ်၊ စားနပ်ရိက္ခာ စသည်တို့ကို UNHCR၊ International Organization for Migration-IOM နှင့် အခြားသောဆက်စပ် အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီပေးခဲ့ပြီး လူတစ်ဦးချင်းစီအတွက် အသက် ၁၈နှစ် အထက်သူများကို ထိုင်း ဘတ်ငွေ ၉၃၀၀ ဘတ်၊ ၁၈ နှစ်အောက်အတွက် ၇၅၀၀ ဘတ်နှင့် အိမ်သုံးပစ္စည်းအချို့ကို ရရှိခဲ့ကြသည်ဟု နေ ရပ်ပြန် ဒုက္ခသည်များက ပြောသည်။

မြန်မာနိုင်ငံတာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ဌာနအလိုက်မှ ဒုက္ခသည် မိသားစုအလိုက် ၆ လစာ စားသောက်ပစ္စည်းများ ငွေကြေး၊ ကယ်ဆယ်ရေးပစ္စည်များ၊ စားနှပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးပြီး လူဝင်မှု ကြီးကြပ်ရေးအနေဖြင့်လည်း လိုအပ်သည့် အိမ်ထောင်စုစာရင်းများ၊ မှတ်ပုံတင်များကို ထုတ်ပေးသွားရန် ကူညီစိစဉ်ပေးသွားမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။

အလားတူ ယမန်နေ့က မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၃၃ဦး ကနဦးပြန်လာဝင်ရောက်လာခဲ့ပြီး လာမည့် နံနက်ဖြန်(ဖေဖော်ဝါရီ ၂၂ရက်)တွင်လည်း တတိယနေ့ အနေဖြင့် နို့ဖိုးဒုက္ခသည်စခန်းမှ အိမ်ထောင်စု ၃၈ ခုမှ ဒုက္ခသည် ၁၃၇ဦးနှင့် ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းမှ မိသားစုဝင် ၅၁စုမှ ဒုက္ခသည် ၁၈၂ဦး ပြန်လည် ဝင်ရောက်ရန်ရှိသည်ဟု ကနဦး သတင်းများအရ သိရသည်။

မိမိဆန္ဒအလျောက် နေရပ်ပြန် ဒုက္ခသည်များပြန်လည်ပို့ဆောင်ခြင်း အစီအစဉ်ကို၂၀၁၆ ခုနှစ်မှစ၍ ယခုနှစ် အထိတွင် တတိယအကြိမ်မြောက်ရှိခဲ့ပြီးဖြစ်သည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရမှ ယခုနှစ် ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများကို ဖျက်သိမ်းမည့် အစီအစဉ်များကို နှစ်ဖက်အစိုးရအကြား ပြောဆို ဆွေးနွေးထားမှုများရှိသည်ဟုလည်း မြန်မာအစိုးရ တာဝန်ရှိသူများ၏ ပြောဆိုမှု အရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here