ထိုင်းရှိ ဒုက္ခသည် ၁ဝဝကျော် ထပ်မံ နေရပ်ပြန်

0
268

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုဖြင့် မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး အစီအစဉ်အရ ကုလသ မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCRနှင့် ထိုင်းပြည်ထဲရေးတို့ အတည်ပြုထားသည့် ထိုင်း-မြန်မာ နယ်စပ်၊ မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၃၃ဦးကို ယနေ့(ဖေဖော်ဝါရီ ၂ဝရက်) မြန်မာနိုင်ငံသို့ ထပ်မံ လွှဲပြောင်းလိုက်သည်ဟု စခန်းတွင် တာဝန်ရှိသူများထံမှ သိရသည်။

မယ်လ ဒုက္ခသည်စခန်းအတွင်းရှိ နေရပ်ပြန်လိုသူများအတွက် UNHCR မှ ဖွင့်လှစ်ပေးနေသည့် ဆန္ဒအလျောက် ဌာနေပြန်သွားရေးအကျိုးဆောင်ဌာန(Voluntary Repatriation Center–VRC)မှတစ်ဆင့် အမည်စာရင်း လာရောက်တင်သွင်းထားသူများကို ယနေ့ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု စခန်း၏ အတွင်းရေးမှူး စောစန်းဆန်က ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

၎င်းက “ဒီနေ့ ၁၁ နာရီလောက်က စထွက်သွားပြီး။ သိရသလောက်တော့ လူဦးရေ ၁၃၃ဦး ပြန်ပါသွားတယ်လို့ ပြောတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိနေရပ်ပြန်သွားသူများသည် မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရန် ယခင်လများကတည်းက ပြန်လည်ပြင်ဆင်ကြသူများဖြစ်ပြီး တရားဝင် လမ်းကြောင်းဖြင့် ပြန်သွားရန် VRCမှ တစ်ဆင့်အမည်စာရင်း တင်သွင်းကာ ပြန်သွားကြသူများဖြစ်သည်ဟုလည်း စခန်းတွင်းနေသူများက ဆိုသည်။

ယနေ့ပြန်သွားသည့် ဒုက္ခသည်များကို UNHCR နှင့် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ တာဝန်ယူပြန်လည်ပို့ ဆောင် ပေးနေကြပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာပြည်ဘက်ခြမ်းရှိ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီးဘုရားလမ်း၊ ပြန်လည်ကြိုဆိုရေးစခန်းတွင် မြန်မာအစိုးရတာဝန်ရှိသူများမှ ကြိုဆိုနေရာချထား ရေးအစီအစဉ်များ လုပ်ဆောင်ပေးထားသည်ဟု အစိုးရနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရနှင့် UNHCRတို့ အစီအစဉ်ဖြင့် အုန်းဖျန်၊ နို့ဖိုးနှင့် အခြား ဒုက္ခသည် စခန်းများပါဝင်သည့် ဒုက္ခသည်များကို နံနက်ဖြန် ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် နောက်တသုတ် ထပ်မံပို့ဆောင်လာမည်ဟုလည်း စခန်းတွင်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဒုက္ခသည်များ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအစီအစဉ်များ ဖြစ်ပေါ်လာပြီးနောက် နို့ဖိုးဒုက္ခသည်စခန်းမှ မိသားစု ၁၉ စုမှာ ၎င်းတို့ဆန္ဒအရ နှစ်နိုင်ငံအစိုးရနှင့် UNHCR တို့၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် မဲဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပထမဆုံး အသုတ်အဖြစ် နေရပ် သို့ ပြန်လည်ပို့ ဆောင်ပေးခဲ့ပြီး ဒုတိယအသုတ်အနေဖြင့် ယခင်နှစ် မေလ (၇)ရက်နေ့တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒုံယမ်းနှင့် Mai Nai Soi (မိုင်နန်းစွယ်) စသည့် ကရင်နှင့် ကရင်နီဒုက္ခသည် စခန်းအတွင်းရှိ ဒုက္ခသည် (၉၃)ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ယခုအစီအစဉ်မှာ တတိယ အသုတ်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here