တပ်အရာရှိတစ်ဦးမှ အပြစ်မဲ့အရပ်သားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အမှုကို နယ်ဘက်တရားရုံးသို့လွှဲပြောင်း

0
691

ရေးမြို့နယ် ကုလားဂုတ်ကျွန်း၌ လွန်ခဲ့သောမေလအတွင်း တပ်မတော်အရာရှိ ဗိုလ်ကြီးအောင်ကိုမင်းက အရပ်သား ဦးတင်စိုးမြင့်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အမှုကို စစ်တရားရုံးမှစစ်ဆေးခဲ့ပြီးနောက် နယ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သေဆုံးသူ၏ဇနီး မိခင်ဆွေတင့်က မွန်သတင်းအေဂျင်စီကို ပြောသည်။

မိခင်ဆွေတင့်က “လူ့အခွင့်အရေးကော်မရှင်ရုံးက အမှုကို နယ်ဘက်တရားရုံးကို လွှဲပေးမယ်ဆိုတာ အကြောင်းကြားခဲ့တာပါ၊ အမှုရုံးချိန်းဘယ်လိုရှိတယ်ဆိုတာ သက်ဆိုင်ရာက အကြောင်းကြားလာမယ်လို့ ဆိုတယ်၊၊ မော်လမြိုင်ခရိုင် တရားရုံးမှာ စီရင်လိမ့်မယ်လို့ သိရတယ်” ဟု မွန်ဘာသာဖြင့် ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၏ အကြောင်းကြားစာတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြန်ကြားချက်အရ အရပ်သား ဦးတင်စိုးမြင့်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် တပ်မတော်အက်ဥပဒေပုဒ်မ- ၇၂ အရ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ခြင်းမရှိသဖြင့် အရာရှိအား သက်ဆိုင်ရာ နယ်ဘက်တရားရုံးကို ဆက်လက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ဗိုလ်ကြီးအောင်ကိုမင်းသည် မိမိနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားများ၏ မြေယာအငြင်းပွားမှုကိစ္စရပ်များတွင် ဝင်ရောက်ဖြေရှင်းခဲ့မှုနှင့် အရက်သေစာ သောက်စားမူးယစ်မှုတို့အတွက် တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅၊ ၄၇ (၁) တို့ဖြင့် စွဲချက်နှစ်ရပ်တင်၍ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စစ်ဆေးစီရင်ပြီး စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို အတည်ပြုနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း အကြောင်းကြားစာတွင် တွေ့ရှိရသည်။

ယင်းအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် မော်လမြိုင်ခရိုင်တရားရုံး၌ တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၁၁ ရက်တွင် အမှုစတင်ကြားနာစစ်ဆေးမည်ဟု မွန်သတင်းအေဂျင်စီမှ စုံစမ်းသိရှိရသည်။

ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၇ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်ကိုမင်းက အခင်းဖြစ်ပွားသည့် မေလ ၁၆ ရက်ညနေပိုင်းတွင် ကုလားကုတ်ကျွန်းအလယ်ဆိပ်နေ သစ်ဝါးလုပ်ငန်းလုပ်ကိုင်သူ ကိုတင်စိုးမြင့်အား မှတ်ပုံတင်စစ်ဆေးရန်ခေါ်ဆောင်သွားပြီးနောက် လူသတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်မိသားစုဝင်များက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here