အစိုးရ၏ မြေယာဥပဒေသည် ပြည်သူများအား ရာဇဝတ်သင့်စေဟု KNU ထောက်ပြ

0
294

လွှတ်တော်တွင် မကြာသေးမီက အတည်ပြုပြဌာန်းလိုက်သည့် မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေအပါအဝင် အခြားသော မြေယာ ဥပဒေများသည် ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ရာဇဝတ်သင့်စေနိုင်သည့် ဥပဒေများအဖြစ်တွေ့ရှိသည်ဟု ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး တောင်ငူ ခရိုင်က ထောက်ပြပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကေအဲန်ယူ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် တောင်ငူခရိုင်၏ ၆ ကြိမ်မြောက် ညီလာခံအပြီး ထုတ်ပြန်ချက်တွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက “သူတို့(အစိုးရ)မြေလွတ်မြေရိုင်း ပြောကတည်းက အဲဒီအသုံး အနှှုန်းကို စပြီးဒုက္ခပေးပြီ၊ တိုင်းရင်းသား အခြေအနေကို လက်တွေ့မဆင်းကြည့်ဘဲ စာရွက်ပေါ်မှာ အမိန့် တစ်ခုအနေနဲ့ ထုတ်ပြန်ပြီး လိုက်နာရမယ်ဆိုတော့ ဒေသခံပြည်သူပြည်သားတွေအတွက် ဘယ်လိုမှ အဆင်ပြေ နိုင်ဘူး”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ဥပဒေများသည် KNU၏ မြေယာမူဝါဒ၊ မြေယာစီမံခန့်ခွဲမှှုများနှင့် ဆန့်ကျင်ဘက် အသွင်ဆောင်နေသည့် အတွက် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းများလည်း ထိခိုက်စေနိုင်သည့်အပြင် ပဋိပက္ခအသွင်သို့ ဦး တည်နိုင်သောကြောင့် အစိုးရအနေဖြင့် သတိကြီးစွာ လုပ်ဆောင်ရန်လိုကြောင်းလည်း KNU တောင်ငူခရိုင်က ထုတ်ပြန်ထားသည်။

ထို့အပြင် အစိုးရအနေဖြင့် ဥပဒေအတည်မပြုခင်အချိန်တွင် တိုင်းရင်းသား နယ်မြေထဲသို့ဆင်း၍ ရွာသားဖြစ်စေ၊ ဒေသတာဝန်ရှိသူဖြစ်စေ၊ အရင်ဆွေးနွေးပြီး မြေလွတ်မှန်မမှန် လက်တွေ့ကျကျကွင်းဆင်းကာ အပြန် အလှန် မေးမြန်းယူ၍သုံးသပ်ပြီးမှသာလျှင် ပြုလုပ်သင့်ကြောင်းလည်း ပဒိုစောအယ်ဝါးက သုံးသပ်ပြောဆိုသည်။

၎င်းဥပဒေကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့တွင် အစိုးရမှ ပြဌာန်းလိုက်ခြင်းဖြစ်သည့်အပြင် ဥပဒေ ပြဌာန်းပြီး ၆ လအတွင်း ယင်းမြေပေါ်ရှိ စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ ထံ လျှောက်ထားရန် မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲဗဟိုကော်မတီမှ ထုတ်ပြန်ထားမှုများလည်း ရှိသည်။

မကြာသေးမီက ထွက်ရှိလာသည့် ယင်းဥပဒေအရ ထိုသို့လျှောက်ထားဆောင်ရွက်ခြင်းမရှိပါက သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများထံမှ ခွင့်ပြုမိန့်မရရှိပါက ယင်းမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို သတ်မှတ်ထားသည့်နည်းလမ်းများနှင့်အညီ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

KNU- ကရင်အမျိုးသားအစည်းအရုံးမှလည်း မြေယာနှင့်ပတ်သက်သည့် ဥပဒေများကို ၎င်းတို့ထိန်းချုပ်ရာ နေရာဒေသများနှင့် ထိစပ်နယ်မြေများအတွင်း သတ်မှတ်ပြဌာန်း သုံးစွဲမှုများရှိနေသည့်အတွက် မြေယာပြ ဿနာများနှင့်ပတ်သက်ပြီး ဒေသခံများအတွက် ရှုပ်ထွေးမှုများဖြစ်ပေါ်နေဆဲဖြစ်သည်။

KNU တောင်ငူခရိုင်၏ ၆ ကြိမ်မြောက်ညီလာခံတွင်လည်း အစိုးရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေး အ ကောင်အထည်ဖော်မှု အစီအစဉ်အပေါ် သုံးသပ်ဆွေးနွေးခြင်းရှိခဲ့သည့်အပြင် ဌာနေတိုင်းရင်းသား အခွင့်အရေး များကို အသိအမှတ်မပြုသည့် သစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော သတ်မှတ်မှှုနှင့် KNU ထိန်းချုပ်နယ် မြေအတွင်း အစိုးရလမ်းတိုးချဲ့ဖောက်လုပ်မှှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြသည် ဟု သိရသည်။

အစိုးရတပ်မတော်က ဖ့ွံဖြိုးရေးအား အကြောင်းပြုကာ KNUနယ်မြေအတွင်း လမ်းဖောက်လုပ်မှုများသည် ဒေသခံ လူထုအကျိုးထက် အစိုးရ၏ နယ်မြေတိုးချဲ့ရေးနှင့် စစ်ရေးဆိုင်ရာ အထောက်အကူပြုရေးအတွက် အဓိက ရည်ရွယ်ဖောက်လုပ်ခြင်းဖြစ်၍ ယင်းလမ်းဖောက်လုပ်မှုကို ဆက်လက်လုပ်ဆောင်ပါက ပဋိပက္ခဖြစ်ပွားပြီး လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်သည့်အတွက် အဆိုပါ လမ်းဖောက်လုပ်မှုကို ညီလာခံမှ အပြင်းအထန် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

သုံးရက်တာ ကျင်းပသည့် KNU တောင်ငူခရိုင်၏ ၆ ကြိမ်မြောက်ညီလာခံတွင် ခရိုင်ဥက္ကဌအဖြစ် ပဒိုစော အယ်ဝါး၊ ဒုဥက္ကဌအဖြစ် ဗိုလ်မှူးချုပ် စောဒဲဖိုး၊ အတွင်းရေးမှူး ပဒိုစောသောတူထူး တွဲဘက်အတွင်းရေးမှူး ပဒိုစောကလယ်ကော်တို့နှင့် ခရိုင်အမြဲတမ်းကော်မတီ ၃၁ဦး၊ ခရိုင်အလုပ်အမှှုဆောင် ကော်မတီ ၉ ဦးတို့ကို KNU ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တင်မြှောက်လိုက်သည်ဟုလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here