မြေလွတ်မြေလပ် မြေရိုင်းဥပဒေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ဆန့်ကျင်နေသည်ဟု မြေယာလှုပ်ရှားသူများဝေဖန်

0
311

နိုဝင်ဘာလကုန်ပိုင်းက အစိုးရထုတ်ပြန်ခဲ့သော မြေလွတ်မြေလပ် မြေရိုင်းဥပဒေ(၂၀၁၈) သည် တိုင်းရင်းသားများ၏ ရိုးရာမြေယာပိုင်ဆိုင်မှုဓလေ့များကို လုံးဝပစ်ပယ်လိုက်ခြင်းဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်းနှင့်လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြောင်း မြေယာအရေးလှုပ်ရှားသူများက ဝေဖန်လိုက်သည်။

ဒို့မြေကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုစည်သူက “ဒီမြေလွတ်မြေလပ်မြေရိုင်းမှာကျတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတာမဟုတ်ဘဲနဲ့ တိုင်းရင်းသားရိုးရာဓလေ့ မြေတွေ အများပိုင်မြေတွေ ဘုံမြေတွေ အထွတ်မြတ်ထားတဲ့မြေတွေအားလုံးက မြေလွတ်မြေရိုင်းလို့ စာရင်းဝင်သွားရင် ကျနော်တို့သွားနေတဲ့ လုပ်ငန်းနဲ့ဆန့်ကျင်ဖက်ဖြစ်သွားတာပေါ့နော် အခုသွားနေတဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးပွဲတွေအားလုံးနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ဥပဒေတွေ ထွက်လာတာ၊ ဒါကဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာပေါ့နော် အပေါ်မှာသွားနေတာကတမျိုး အောက်မှာက တမျိုးဖြစ်နေတယ်”ဟု ဆိုသည်။

တိုင်းရင်းသားများ၏ရိုးရာဓလေ့အရ ဘိုးဘွားဘီဘင်အဆက်ဆက်ပိုင်ဆိုင်လာသည့်မြေများကို နောင်သားစဉ်မြေးဆက်များအတွက် အလိုအလျှောက်အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိစေပြီး လက်ရှိအစိုးရထုတ်ပြန်လိုက်သော မြေလွတ်မြေရိုင်းဥပဒေသည် သတ်မှတ်နှစ်ကာလအပိုင်းအခြားအားဖြင့် အစိုးရထံမှ မြေပြန်လည်ငှားယူရန်အတွက် မှတ်ပုံတင်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“ဒီမြေတွေကို ကျနော်တို့ မှတ်ပုံတင်လိုက်တာနဲ့ ကိုယ့်ကိုပိုင်စီရင်ပိုင်ခွင့်မရှိတော့ဘူး၊ ရှင်းရှင်းပြောရရင် သခင်ကနေ ကျွန်ဖြစ်သွားတာ အိမ်ရှင်ကနေ အိမ်ငှားဖြစ်သွားတာပဲ၊ ကျနော်တို့မြေတွေက နှစ်ပေါင်းထောင်သောင်းနဲ့ချီပြီး ကိုယ့်ဟာနဲ့ကို စီမံကွပ်ကဲလာတာကို သူများလက်ထဲထည့်ပေးပြီးတော့ အနှစ် ၃၀ နဲ့ပြန်ငှားယူရတာ ဖြစ်တဲ့အတွက် ကိုယ့်အပိုင်မြေက ပျောက်ဆုံးသွားတယ်၊ အငှားဘဝ ရောက်သွားမှာဖြစ်တယ်” ဟု ကိုစည်သူက ဆက်ပြောသည်။

အလားတူ ဒို့မြေကွန်ရက် အတွင်းရေးမှူးတစ်ဦးဖြစ်သူ မွန်ပြည်နယ်မှ မိခမွန်းက “အစိုးရထုတ်ပြန်လိုက်တဲ့ဥပဒေဟာ အခုကျမတို့ သွားနေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အဟန့် အတားဖြစ်စေတယ်၊ ဒီငြိမ်းချမ်းရေးထဲမှာ မြေယာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေတာလည်းရှိနေတယ်၊ အစိုးရအနေနဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ချောချောမွေ့မွေ့ ဖြစ်စေချင်တယ် နောက်ပြီးတော့ ဖက်ဒရယ်ကိုလည်း တကယ် ဦးတည်သွားမယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိတို့ရဲ့မြေပေါ်မှာ မိမိတို့ဖန်တီးပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့်က သိပ်ကိုအရေးကြီးပါတယ်” ဟု ဆိုသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး KNU က အစိုးရနှင့်တရားဝင်ဆွေးနွေးပွဲများ ယာယီရပ်ဆိုင်းထားသည်ယခုကာလတွင် လတ်တလောအစိုးရထုတ်ပြန်လိုက်သည့် မြေယာဥပဒေသည် KNU မြေယာမူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့်အတွက် မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အောက်ခြေကျေးရွာဒေသများတွင် အခြေအနေပိုမိုရှုပ်ထွေးစေနိုင်ကြောင်း ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီပါတီ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

မန်းအောင်ပြည်စိုးက “KNU မှာ KNU Land Law ဆိုတာရှိတယ်လေ၊ မူဝါဒဆိုတာရှိတယ်၊ KNU ရဲ့ Land Law ထဲမှာက ဘယ်မြေမှမြေလွတ်မြေလပ်မရှိဘူး၊ အကုန်လုံးက သူ့ပိုင်ရာဆိုင်ရာနဲ့ ချည်းဘဲ၊ ဘုရားမြေ၊ ဝတ္တကမြေ ဥယာဉ်ခြံမြေ Other မြေ အစရှိသည်ဖြင့်ပေါ့လေ၊ ဒါပေမဲ့ ဒီဘက်က အစိုးရမှာတော့ Register မလုပ်သေးသ၍ကတော့ အကုန်လုံးမြေလွတ်မြေလပ်ဘဲ၊ အစိုးရအနေနဲ့ကြိုက်သလို စီမံပိုင်ခွင့်ရှိတယ်ဆိုတော့ အဲဒီ နှစ်ခုက တော်တော်လေးကို ကွါဟနေတယ်၊ ဆန့်ကျင်ဖက်ဖြစ်နေကြတယ်၊ အခုတခါ အစိုးရက မြေလွတ်မြေရိုင်ဥပဒေထုတ်ပြန်လာတော့ ဒီကိစ္စပိုပြီးတော့ ရှုပ်ထွေးသွားမလားဆိုပြီးတော့ ကျနော်ကတော့ အဲလိုမြင်တယ်ခင်ဗျ ”ဟု ဆိုသည်။

လက်ရှိ မြေလွတ်မြေလပ် မြေရိုင်း( ၂၀၁၈) ဥပဒေသည် ဖွံ့ဖြိုးရေးအမည်ခံ ရင်းနှီးမြှုပ်နှံမှုများအတွက် မြေယာဈေးကွက်များဖန်တီးရန် ဦးစားပေးထားသည့်မှားယွင်းသော ဥပဒေဖြစ်သောကြောင့် အစိုးရအနေဖြင့် ယခုဥပဒေအား ဖျက်သိမ်း၍ တိုင်းရင်းသားပြည်သူများ၏ ဂုဏ်သိက္ခာ၊ ဘဝရပ်တည်မှု၊ အမျိုးသားရေး အမှတ်လက္ခဏာများကို အာမခံအကာအကွယ်ပေးနိုင်မည့် ဖက်ဒရယ်မြေယာဥပဒေတစ်ရပ်ရေးဆွဲပေးရန် နိုဝင်ဘာ ၁၆ ရက်နေ့က ဒို့မြေကွန်ရက် မြေယာအရေးလှုပ်ရှားမှုအဖွဲ့နှင့်အတူ အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၃၅၀ နီးပါးခန့်က သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန် တောင်းဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here