နှစ်ဖက်စလုံး အလျှော့ပေးနိုင်မှသာ ငြိမ်းချမ်းရေးအောင်မြင်လိမ့်မည်ဟု ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌပြော

0
264
ချင်းမိုင်မြို့၌ အစိုးရနှင့် KNU ကိုယ်စားလှယ်အလွတ်သဘောဆွေးနွေးပွဲ - Photo : NRPC

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ဖက်စလုံး အလျှော့ပေးနိုင်မှသာ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်လိမ့်မည်ဟုယူရဆပြီး တဖက်နှင့်တဖက် လုံးဝအလျှော့မပေးနိုင်ပါက ငြိမ်းချမ်းရေးအဖြေထွက်လာလိမ့် မည်မဟုတ်ကြောင်း ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မန်းအောင်ပြည်စိုးက “တဖက်ဖက်က မလျှော့သ၍ ဒီဟာကြီး(ငြိမ်းချမ်းရေး) က ဘယ်လိုမှ ဖြစ်မလာဘူး၊ ဥပမာ တပ်ချုပ်ကဆိုရင် ၂၀၂၀ မှာဖြစ်အောင်လုပ်မယ်၊ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေး၊ ခွဲမထွက်ရေးကိုပဲ ပြောနေမယ်ဆိုရင် ဒီဘက်ကလည်း သည်းမခံနိုင်တဲ့ အနေအထားမျိုးလေးတွေ ရှိနေတယ်၊ တဖက်ဖက်က နည်းနည်းလေးစီ လျှော့ချပေးရင်တော့ လက်နက်ကိုင်အဖွဲ့အစည်းကလည်း နည်းနည်းလျှော့ တပ်ဘက်ကလည်း နည်းနည်းလျှော့ရင်တော့ တခုခု Something ဖြစ်လာမယ်၊ မလျှော့ကြဘူးဆိုရင်တော့ ဒီအတိုင်းဘဲ တန်းလန်းတန်းလန်းနဲ့သွားနေမယ်၊ ဘာအဖြေမှ ထွက်မလာနိုင်ဘူး” ဟု ဆိုသည်။

ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC တစ်ကြိမ်နှင့် ၂၁ ရာစုပင်လုံညီလာခံ ၃ ကြိမ်ကျင်းပခဲ့သော်လည်း အဖြေမထွက်ခဲ့ကြောင်း၊ ထိပ်သီးသီးသန့်အစည်းအဝေးအပြီးတွင်လည်း မည်မည်ရရ အဖြေမရသည့်အပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်ဆို့မှုများပိုမိုဖြစ်ပေါ်လာခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

“လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရားဝင်ဆွေးနွေးပွဲတွေကို လောလောဆယ် KNU ယာယီရပ်ဆိုင်းထားတာကို ကျနော်ထောက်ခံတယ်ဗျ၊ ဘာဖြစ်လဲဆိုတော့ ဆွေးနွေးပွဲတွေက ကြာလာပြီလေ၊ သေသေချာချာလုပ်သင့်တယ်လို့ မြင်တယ်၊ ဒီလိုဘဲ တန်းလန်းတန်းလန်းနဲ့ တစ်ဆို့နေမယ်ဆိုလို့ရှိရင် အချိန်သာကုန်မယ်၊ ဘာမှအရာမရောက်ဘူး” ဟု မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

ထို့အတူ KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ကို အစဉ်တစိုက်ကျင့်သုံးလာခြင်းဖြစ်ကြောင်း၊ လက်ရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA သည် နိုင်ငံရေးဆွေးနွေးပွဲ စတင်သည့်ပထမဆုံးခြေလှမ်းဖြစ်ပင်ကြောင်း၊ NCA ၏ အခြေခံတွင် အကြေအလည်ညှိနှိုင်းဆွေးနွေးခြင်း၊ မတူညီမှုများကိုဖြေရှင်းကြရာတွင် သဘောထား ကွဲလွဲမှုများကို အင်အားသုံးဖြေရှင်းခြင်းမပြုရ ဆိုသည့်အချက်များပါဝင်ပြီး ရေရှည်ငြိမ်းချမ်းရေး တည်တန့်ခိုင်မြဲရေးအတွက် ရှေးရှုသည့်ရည်မှန်းချက်များ အားလုံးတွင်တူညီနေကြသည်ကို တွေ့ရှိရကြောင်း အစိုးရကိုယ်စားလှယ်များနှင့် နိုဝင်ဘာ ၁၇ ရက်နေ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုအပြီး ချင်းမိုင်သတင်းစာရှင်းလင်းတွင် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “ပြည်သူလူထုကို ကျနော်တို့ပြောချင်တာကတော့ NCA လမ်းကြောင်းက NCA လက်မှတ်ထိုးထားတဲ့ KNU အတွက် အသင့်တော်ဆုံးလမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ ဒီအခြေခံကပြီးတော့ တစိုက်မတ်မတ်ဆက်သွားမယ်၊ နိုင်ငံရေးနည်းနဲ့အဖြေရှာတဲ့နေရာမှာ Process တွေက မှန်ကန်ဖို့လိုပြီးတော့ တရားမျှတမှုရှိရမှာဖြစ်သလို ဆွေးနွေးမှုအကြောင်းအရာပိုင်းမှာလည်း အားလုံးကြားမှာ ဘုံဆန်တဲ့သဘောထားတွေ ချမှတ်နိုင်နိုင်ဖို့အတွက် ကျနော်တို့ကြိုးစားညှိနှိုင်းသွားမှာပါ” ဟု ဆိုသည်။

အစိုးရနှင့် KNU တို့ အဆိုပါအလွတ်သဘောဆွေးနွေးမှုတွင် (၁) NCA ပိုမိုခိုင်မာစေရန် ဆက်လက်လုပ်ဆောင်မည်။ (၂) သက်ဆိုင်ရာခေါင်းဆောင်များထံ အမြန်ဆုံးတင်ပြ၍ ပြန်လည်တွေ့ဆုံကြမည်။ (၃) ယာယီရပ်ဆိုင်းသွားသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပုံမှန်အနေအထားပြန်လည်ရောက်ရှိလာစေရန် ကျန်သောအဖွဲ့အစည်းများနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု သဘောထားစုစည်းရမိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းထောက်များကို အလားတူ ရှင်းပြခဲ့သည်။

ဦးဇော်ဌေးက “ ဒီ NCA လမ်းကြောင်းကို ပိုမိုခိုင်မာသွားအောင် နှစ်ဖက်က အမြင်ကြည်ကြည်နဲ့ ကြေကြေလည်လည်နဲ့ ညှိနှိုင်းသွားနိုင်ရင်တော့ ပိုပြီးမြန်ဆန်မယ်၊ အဲဒီအတွက် ကျနော်တို့ဆက်ဆွေးနွေးဖို့ လိုတယ်ဆိုပြီးတော့ နှစ်ဖက်စလုံးက လက်ခံတယ်၊ နှစ်ဖက်လုံးကလည်း ကိုယ့်ဘက်သူ့ဘက်တင်ပြပြီးတော့ အမြန်ဆုံးတွေ့ဆုံသွားဖို့၊ အဲဒါပြီးတာနဲ့ တရားဝင်ပုံမှန် ရှိနေတဲ့အနေအထားကို ပြန်လည်ရောက်ရှိဖို့ ကြိုးပမ်းသွားမယ်လို့ သဘောထားတွေ စုစည်းမိတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရကိုယ်စားလှယ်အဖွဲ့သည် သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ RCSS အား နိုဝင်ဘာ ၁၆ ရက်နေ့တွင်၎င်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP အား နိုဝင်ဘာ ၁၈ ရက်နေ့တွင်၎င်း ချင်းမိုင်မြု့ိ၌ တစ်ဖွဲ့ချင်းအလိုက် အလွတ်သဘောသီးသန့်တွေ့ဆုံခဲ့သော်လည်း သတင်းထုတ်ပြန်မှုများ မတွေ့ရှိခဲ့ပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here