အလွတ်သဘောဆွေးနွေးမှုကို မှားယွင်းစွာကျင့်သုံးမိပါက အဖွဲ့တွင်း စည်းလုံးညီညွတ်မှု ထိခိုက်နိုင်ဟု IKO ထောက်ပြ

0
215

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း တစ်ဆို့မှုများကို အလွတ်သဘောဆွေးနွေးမှုဖြင့် အဖြေရှာရန်လုပ်ဆောင်ရာတွင် ယင်းဆွေး နွေးမှုအား မှားယွင်းစွာ ကျင့်သုံးမိပါက အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ကြီးမားစွာ ထိခိုက်နိုင်သည်ဟု နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKOက ထောက်ပြ ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၁ဝ ရက်နေ့က ပြုလုပ်ပြီးစီးခဲ့သော KNU၏ ၆ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးအပြီး ထုတ်ပြန်ချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရားဝင်ဆွေးနွေးမှု များထက် အလွတ်သဘောဆွေးနွေးမှုဖြင့် အဖြေရှာရန် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ IKO က ယနေ့ (နိုဝင်ဘာလ ၁၇) ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ ထိုသို့ ပြောဆို လိုက်ခြင်းသည်။

IKO ပြောခွင့်ရ မန်းအော်လန်းဒိုက “အလွတ်သဘောဆိုတာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ဆွေးနွေး ချက်မှာ သဘာသဘောတူညီမှုရလိုက်လဲ၊ ဘယ်အထိရောက်ပြီးလဲ ချပြတာမရှိဘူး။ အဲလိုနှစ် ရှည် လများသာဖြစ်လာရင် သံသယတွေဖြစ်လာမယ်။ အဲဒီအခါကျရင် အဖွဲ့တွင်းမှာ ညီညွတ်ရေး တွေ ပျက်ပြားလာမယ်။ တဖက်ကလည်း ကိုယ့်ပြည်သူလူထုက တဖြည်းဖြည်းယုံကြည့်မှု အားနည်း လာမယ်။ နောက်တစ်ချက် လွတ်လိုက်တဲ့ကိုယ်စားလှယ်က ကရင်တော်လှန်ရေးလမ်းကြောင်းကို ဖြစ်သလို အဆုံးသတ်ချင်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင် ပိုပြီးတော့ အန္တရာယ်ရှိလာတယ်ပေါ့နော်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အလွတ်သဘော ဆွေးနွေးရာတွင် တစ်ဆို့နေသော NCAကို အခြေခံမည့် အစား၊ KNU၏ ကိုယ်ပိုင် Road Map ဖြင့် ဆွေးနွေးခြင်းက ပို၍ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ အလွတ်သဘော ဆွေးနွေးမှု တိုင်းတွင် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သလို ဆွေးနွေးပွဲဦးဆောင် အဖွဲ့ဝင်များသည် မိမိတို့အဖွဲ့အစည်း၏ ယုံကြည်မှုရရှိထားသူများသာ ဖြစ်သင့်ကြောင်းလည်း IKOက အကြံပြုထားသည်။

လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းလုပ်ငန်းတွင် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့၏ မရိုးသားမှုတို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆို့နေရခြင်းဖြစ်သလို KNUအနေဖြင့် ၎င်းတစ်ဆို့နေမှုများကို ဖြေလျှော့နိုင်ရေးအတွက် မိမိအဖွဲ့အစည်းအတွင်းအပြင် ဆက်စပ်လုပ်ကိုင်ရ မည့် အခြားသော အဖွဲ့များနှင့် ကြိုတင်ညှိနှိုင်းရန် လိုအပ်ချက်များရှိနေသဖြင့် တရားဝင် အစည်းအ ဝေးများ တက်ရောက်ခြင်းကို ယာယီရပ်ဆိုင်းထားခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဟု IKOက ယူဆသည်။

ထို့အပြင် လက်ရှိ ကြုံတွေ့နေရသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြပ်အတည်း၏ အကြောင်း အရင်းမှာ ငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ် ကတည်းက တစ်ဆင့်ချင်းစီ တိကျသေချာအောင် မဆောင်ရွက်နိုင်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်ပြီး KNU အပါအဝင် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ Code of Conduct နှင့် တပ်နေရာချထားရေးကို သေချာတိကျ အောင် လုပ်ကိုင်ဆောင်ရွက်ရမည့်အစား မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့၏ တရွတ်တိုက် ဆွဲခေါ်မှုနောက်ကို လိုက်ပါမိခြင်းကြောင့်ဟုလည်း IKOပြောဆိုသည်။

IKO၏ သဘောထား ထုတ်ပြန်ချက်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်လျှောက်လုံးတွင် မြန်မာ့ တပ်မတော်၏ ပြုမူဆောင်ရွက်ချက်များနှင့် ပြောဆိုချက်များသည် ၎င်းတို့၏ လိုအင်ဆန္ဒပြည့်ဝ ရေးအတွက် NCAကို အသုံးချပစ္စည်းတစ်ခုကဲ့သို့ ပြုမူနေသည်ကို တွေ့ရသလို မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မလှိမ့်တပတ်လုပ်ခြင်း၊ ဖိအားပေးအကြပ် ကိုင်ခြင်းစသည့် မရိုးသားမှုများကို တွေ့ရသဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အထူးစိုးရိမ်ပူပန်မိ သည်ဟု ဆိုသည်။

ငြိမ်းချမ်းရေး တစ်ဆို့မှုများကို အဖြေရှာသွားရန် ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုဝင်ဘာလ ၁၆ရက် (ယမန်နေ့)က သျှမ်း(ရှမ်း)ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အဖွဲ့တို့ တွေ့ဆုံခဲ့သလို ယနေ့ (နိုဝင်ဘာ ၁၇)ရက်နေ့ မွန်းလွဲပိုင်းတွင် အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးဦးဆောင်သည့် KNUတို့ တွေ့ဆုံခဲ့ကြရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း တစ်ဆို့မှုဖြစ်နေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ၊ ခွဲမထွက်ရေးကိစ္စနှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတကာ ကရင်အဖွဲ့အစည်း -IKO သည် အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိက စသည့်နိုင်ငံပေါင်း ၃၀ ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here