ကမ္ဘာ့ဘဏ်က ရေကာတာများတည်ဆောက်ရန် ကူညီပေးမှုများကို သတိပြုရန်လိုဟု သုတေသီပြော

0
221

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားထုတ်ယူရေးအတွက် ဆည်များ၊ ရေကာတာများ တည် ဆောက်ရန် ကူညီပေးနေမှုများကို သတိပြု လက်ခံကြရန်လိုသည်ဟု လာအိုနိုင်ငံရှိ Nam Theun 2 ဆည်၏ အကျိုးဆက်များကို သုတေသနပြု စာအုပ်ထုတ်ဝေခဲ့သည့် သုတေသီ ဘရုစ်ရှူးမိတ်ကာက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ၊ Green Hill ဟိုတယ်၌ နိုဝင်ဘာ ၂ ရက်နေ့တွင် သံလွင် ထိန်းသိမ်း ကာကွယ်ရေးကွန်ရက်၊ IFI Watch Myanmar နှင့် ပေါင်းကူးအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့်“မြန်မာ မြစ်များအတွက် လာအိုနိုင်ငံမှ သင်ခန်းစာယူခြင်း” ဆွေးနွေးပွဲတွင် သုတေသီ ဘရုစ် ရှူးမိတ်ကာက ယခုလို ပြောခဲ့ခြင်း ဖြစ်သည်။

၎င်းက “ မြန်မာနိုင်ငံမှာလည်းဘဲ ကမ္ဘာ့ဘဏ်နဲ့ ၊IFC ကတော့ လာအိုကိုနမူနာယူပြီး မြန်မာနိုင်ငံမှာ ရေကာတာ တွေလုပ်ဖို့ သတင်းကို ကြားခဲ့ရပါတယ်။ ဒါတွေကို သတိပြုသင့်တယ်။ ကမ္ဘာ့ဘဏ်က ရေအားလျှပ်စစ် စီမံကိန်း တွေနဲ့ ပတ်သက်ပြီး အစိုးရကဆုံးဖြတ်ချက်ချတဲ့နေရာမှာ အကူအညီလာပေးတယ်လို့ ပြောလေ့ရှိပါတယ်၊ ဒီကဏ္ဍမှာ နည်းပညာ၊ ပုဂ္ဂလိက ပါဝင်မှုကို ကူညီတယ်လို့ပြောပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကမ္ဘာ့ဘဏ်၏ ကူညီမှုဖြင့် လာအိုနိုင်ငံတွင် NT2 ရေကာတာ စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ (၁.၂၇)ဘီလျံ အကုန်အကျခံကာ ၂၀၁၀ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ယင်းစီမံကိန်းကို ကမ္ဘာ့ဘဏ်က ယင်းစီမံ ကိန်းကို စံပြအဖြစ်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံများ လူမှုဘဝ အဆင် မပြေမှု များကို ဖြစ်စေသည်ကို တွေ့ရှိခဲ့ရသည်ဟု သုတေသန တွေ့ရှိချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်/IFC ၏ထောက်ပံ့မှုဖြင့် ရေကာတာကြီးများတည်ဆောက်ရေးနှင့် မြစ် ကြောင်းဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ဗျူဟာမြောက်ပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း (Strategic Environmental Assessment) အစီရင်ခံစာကို ထုတ်ပြန်ရန်ပြင်နေပြီး အစီရင်ခံစာကို အတည်ပြု မထုတ် ပြန်သေးသော်လည်း အင်တာနက်စာမျက်နှာများတွင် တွေ့ရကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါက်တာ မြင့်ဇော်က ပြောသည်။

“ဒါကို ကမ္ဘာ့ဘဏ်နဲ့ ချိတ်ဆက်တဲ့ IFC က လုပ်တာပါ။ ဒီစာတန်းသည် မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် ကဏ္ဍ ကို ရေရှည်တည်တံ့သော ရေအားလျှပ်စစ် ဆိုတဲ့ နာမည်နဲ့ မြန်မာနိုင်ငံကို တွန်းအားပေးဖို့ လုပ်တာလား ဆိုတာ ကျနေ်ာတို့မှာ သံသယတွေရှိပါတယ်။ အဲ့နာမည်နဲ့ လာအိုမှာ လုပ်ခဲ့တာ အဆင်မပြေတဲ့ အကြောင်း ကျနော်တို့ နားလည်သိထားပါတယ်” ဟု ဒေါက်တာ မြင့်ဇော်ကဆွေးနွေးပွဲတွင် ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဒေသခံများ၊ ရွှေကျင်၊ ဘောဂထ၊ မိုင်းတုံ စသည့် ရေအားလျှပ်စစ်စီမံကိန်း ဒေသတို့မှ ဒေသခံများ၊ လူမှုအဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း လူ ၁၀၀ ဦးကျော်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ၃,၄၃၅ မဂ္ဂဝပ် ထုတ်လုပ်နေပြီး ယင်းထဲတွင် ၂,၆၀၀ မဂ္ဂဝပ်သည် ရေအား လျှပ်စစ်မှ ထုတ်ယူရရှိခြင်း ဖြစ်သည်။ ထို့အပြင် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း၊ မဲခေါင် စသည့် မြစ် များတွင် ရေအားလျှပ်စစ် ထုတ်ယူရန် ဆည်ရေကာတာ စီမံကိန်း ၉၀ ကျော်ကို တည်ဆောက်ရန် အဆိုပြုထား ပြီးစုစုပေါင်း ၄၆,၂၇၆ မဂ္ဂဝပ်ကို ၂၀၃၀ ပြည့်နှစ်တွင် ထုတ်ယူရန် ရည်ရွယ်ထားသည်ဟု ပတ်ဝန်ကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here