မြန်မာစစ်တပ် ဖမ်းဆီးသွားသော KBC ဆရာမ အပါဝင် လူ ၁၅ဦး ပျောက်ဆုံးနေခြင်း ၉ရက် ရှိလာ

0
233

ကချင်ပြည်နယ် တရုတ်နယ်စပ်လမ်း Nam San Yang မှ မြန်မာစစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဓမ္မဆရာမ Chamloiq Hkawng Nyoi အပါဝင် ခရီးသွားပြည်သူ (၁၅)ဦး ပျောက်ဆုံးနေခြင်း ယနေ့ ၉ ရက်ရှိပြီ ဖြစ်သည်။

မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းတပ် က ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ကို ယခုလို ဆိုပါသည်။

“ဟုတ်ကဲ့ မပခ တိုင်းက တပ်ဖွဲ့တွေ ဖြစ်တယ်တဲ့။ သူတို့က အရင်ကလည်း စာရေး သတိပေးထားတာမျိုး တခုရှိခဲ့တယ်။ အဲဒီဘက်ကို သွားရင် ၁၇(၁) နဲ့ အရေးယူနိုင်တယ် ဆိုပြီးပေါ့။ အခုတော့ တကယ် ဖမ်းဆီးလာခြင်း ဖြစ်တယ်။”

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသ စစ်ရှောင်စခန်းများကို လည်ပတ်သွားလျှင် မတရားအသင်းအက်ဥပဒေ ပုဒ်မ- ၁၇(၁)နှင့် အရေးယူနိုင်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က မေလ (၂၁)နေ့ ဝိုင်းမော်မြို့နယ် KBC အသင်းတော် ကို စာဖြင့် သတိပေးခဲ့သည်။

အဖမ်းခံရသူ ညီမ ဆရာမ Chamloiq Hkawng Nyoi (ခေါင်ညွယ်) ကို လွှတ်ပေးရန် အကိုဖြစ်သူ KBC ဓမ္မဆရာ Chamloiq Ah Gyung က ယခုလို ကချင်သတင်းဌာန KNG မှတဆင့် တောင်းဆိုသည်။

“၉ ရက်တောင်ရှိလာပြီ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မိသားစုတွေဆီ ဘာမှအကြောင်း မကြားလာတဲ့အတွက် ကျနော်တို့ မိသားစုအနေနဲ့ အရမ်းစိတ်ပူပြီး သူ့ကို တွေ့ချင်နေတာပေါ့။ ဒါ့ကြောင့်မို့ ဖြစ်နိုင်ရင် ညီမ ဆရာမ ခေါင်ညွယ်ကို အမြန်ဆုံးလွှတ်ပေးဖို့ အတွက် ကျနော်တို့ အိမ်သူအိမ်သားတွေ မိသားစုအနေနဲ့လည်း တောင်းဆိုချင်ပါတယ်။”

ဆရာမ သည် KBC တရုတ်သာသနာတွင် ပါဝင် ဆက်ကပ်နေသူဖြစ်ပြီး လိုင်ဇာ-နမ်ဆန်ယန် နယ်စပ်လမ်းကနေ မိမိနေအိမ် ဝိုင်းမော်မြို့သို့ အပြန်လမ်း နမ်ဆန်ယန်တွင် အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီကျော်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်ဟု အစ်ကို ဆရာ Ah Gyung ဆိုသည်။

“ကျနော်တို့ မိသားစုအနေနဲ့တော့ အခုဖမ်းထားခံရသူကတော့ ဝိုင်းမော်နယ် ဓမ္မအမှုတော်ဆောင် ဒီ Hpung Mai Yang နှစ်ခြင်းအသင်းတော်က ဆရာမ တပါးလည်းဖြစ်တယ်။ သူ သာသနာကွင်းကိုသွားပြီး ဒီအပြန်ကျမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတယ်လို့ ကြားရတော့ ကျနော်တို့ မိသားစုတွေ အလွန်ဝမ်းနည်းခြင်း ကြုံနေရပါတယ်။ ဒါကြောင့်မို့ ကျနော့် ညီမဟာ တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ် လွန်ခဲ့တဲ့အချိန်မှာလည်း မလုပ်ခဲ့ဘူး။ သက်သေအထောက်ထားလည်း မရှိဘူး။”

ဆရာမ Chamloiq Hkawng Ngoi လွတ်မြောက်လာရေးအတွက် KBC က မြစ်ကြီးနား ငြိမ်းချမ်းရေးအကျိုးဆောင် PCG (Peace-talk Creation Group) အဖွဲ့နှင့် ဆောင်ရွက်နေသည်ဟု Rev. Dr. Hkalam Samson က ဆိုပါသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် စစ်တပ် (မပခ) မည်သည့်အဖွဲ့မှ ဝန်ခံ အကြောင်းပြန်ခြင်း မရှိသေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here