ပြည်ထောင်စုအဆင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှု မရှိသေးဟု KIO ဥက္ကဌ ဆို

0
255

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို စစ်မှန်ပြီး တရားမျှတစွာ ဖြေရှင်းနိုင်မည့် ပြည်ထောင်စုအဆင့် ညီလာခံမျိုး မရှိသေးကြောင်း ယနေ့ ကျရောက်သော (၅၈) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းမှတ်နေ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ မိန့်ခွန်း ထုတ်ပြန်ချက်က ပြောသည်။

လက်ရှိပြုလုပ်နေသော ၂၁ ရာစုပင်လုံညီလာခံမှာ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်ဆင်နိုင်ရန် လွှတ်တော်ပြင်ပမှ ကြိုးစားနေသည့် အဆင့်သာ ရှိသေးသည်ဟု ပြောဆိုထားပါသည်။

ယခုချိန်ထိ နိုင်ငံရေးပြဿနာကို စားပွဲပေါ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းရန် နည်းလမ်း မတွေ့သေးသောကြောင့် ပြဿနာကို ဆွေးနွေးရေးနှင့် အဖြေရှာရန် ကြိုးစားနေသလို စစ်ရေးကိုလည်း အမြဲတမ်း ပြင်ဆင်ထားရသည်ဟု ဆိုထားပါသည်။

တပ်မတော်အနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ ဖိအားပေးမှုကို ခံနေရချိန်ဖြစ်ပြီး တစ်ဖက်တွင်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို ‘ခွဲမထွက်ရေးမူ’ လက်ခံရန် တပ်မတော်က ကတိ အတင်းတောင်းခံနေသည်ဟု ပြောသည်။

မြန်မာ့တပ်မတော်သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ထိုးစစ်ဆင်နေသည်အပြင် ၎င်းတို့ကို အားနည်းစေရန် ဒေသတွင်း လူမျိုးကိုအခြေခံသည့် ပြည်သူ့စစ် ဖွဲ့စည်းနိုင်ရေး ကြိုးစားနေသည်ဟု ဆိုသည်။

ထို့ကြောင့် မိမိတို့ဒေသမှာ ပြည်သူ့စစ်ဖွဲ့ရန် တပ်မတော် မှ ပြောဆိုလာလျှင် ငြင်းဆိုရန် KIO ဥက္ကဌ မိန့်ခွန်းမှာ ဖော်ပြထားပါသည်။

မည်သို့ပင် ဖြစ်စေကာမှု လက်ရှိ မြန်မာ့ နိုင်ငံရေးပြဿနာ ကို ဖြေရှင်းရန် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုသည်သာ အဓိက ဖြစ်သည်ဟု ထပ်မံ ပြောဆိုထားပါတယ်။

ကချင်လူမျိုးများ ဆုံးရှုံးခဲ့သည့် နိုင်ငံရေးအခွင့်အရေးကို ရရှိရန် ရန်ကုန်ရှိ ကချင် တက္ကသိုလ် ကျောင်းသားများမှ ၁၉၆၀ အောက်တိုဘာ ၂၅ တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

KIO ကို မူလဖွဲ့စည်းတည်ထောင်ခဲ့သည့် ရည်ရွယ်ချက် ဖြစ်သော ကချင်လူမျိုးများ၏ နိုင်ငံရေးအခွင့်အာဏာ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ တရားမျှတမှုကို မရမချင်း KIO ဆက်လည် တည်ရှိနေရမည်ဟု ယခင် KIO ဒုဥက္ကဌ ၂ တာဝန်ထမ်းဆောင်ခဲ့သော ယခု ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ဒေါက်တာ မနမ်တူးဂျာ ပြောပါသည်။

ယနေ့ ကျရောက်သော ၅၈ ကြိမ်မြောက် KIO အထိမ်းအမှတ်နေ့ကို KIO/KIA ဌာနချုပ် လိုင်ဇာ နှင့် ထိန်းချုပ်ဒေသများတွင် ဆုတောင်းပွဲများ ပြုလုပ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here