KNU ၏ CF ကော်မတီ အစည်းအဝေးထားဝယ်တွင် ပြုလုပ်

0
111

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၏ သစ်တောဌာနမှ ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(CF- Community Forest) ကော်မတီအစည်းအဝေးကို ထားဝယ်မြို့၌ အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (CF) ကော်မတီအစည်းအဝေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဘိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူးနှင့် သစ်တောဌာနတာဝန်ခံတစ်ဦးဖြစ်သည့် ပဒိုစောအယ်နာက အောက်တိုဘာ ၁၇ ရက်(ယနေ့)တွင် ကေအိုင်စီ သို့ ယခုလို ပြောသည်။

၎င်းက “CF ကော်မတီဝင်တွေ တွေ့ဆုံပြီး သူတို့ရဲ့လုပ်ဆောင်ချက်၊ အတွေ့အကြုံ၊ အခက်အခဲတွေကိုဖလှယ်ဖို့၊ KNU ရဲ့ CF အဖွဲ့ဝင်တွေအချင်းချင်း ပိုမိုပူးပေါင်းချိတ်ဆက်လုပ်ဆောင်နိုင်ဖို့အတွက် (Network) ကွန်ရက် ဖွဲ့စည်းနိုင်ဖို့ပါ”ဟု ပြောသည်။

ယင်းအစည်းအဝေးတွင် CF ကော်မတီ၏ လုပ်ဆောင်ချက်၊ လုပ်ငန်းများ၊ စည်းကမ်းချက်များ၊ ကြုံတွေ့ရသည့် အခက်အခဲ စိန်ခေါ်မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ် အကြံပြုခြင်း၊ ရှေ့လာမည့်နှစ်များအတွက် ပိုမို ကောင်းမွန်နိုင်မည့် အစီအစဉ်များနှင့် ကြိုတင် ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် CF ကော်မတီဝင်များ၏ ရပ်ရွာရှိ သစ်တောနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် ကျေးရွာအတွက် အသုံးပြုခွင့်၊ ထိန်းသိမ်းခွင့်များရှိသော်လည်း KNUမှ ထုတ်ပေးသည့် CF လက်မှတ်များကို မြန်မာအစိုးရမှ အ သိအမှတ် မပြုခြင်း၊ ပတ်ဝန်းကျင်ပျက်စီးစေနိုင်သည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်သော ကုမ္ပဏီများဝင် ရောက်လာသည့် အခက်အခဲများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ပဒိုစောအယ်နာက ပြောသည်။

နှစ်ရက်တာ အစည်းအဝေးသို့ KNU သစ်တော (ဗဟိုနှင့် ခရိုင်)မှ တာဝန်ရှိသူများ၊ ဘိတ်-ထားဝယ်ခရိုင်မှ CF ကော်မတီဝင်များ၊ ကျေးရွာများမှ ကိုယ်စားလှယ်များအရပ်ဖက် လူမှုအဖွဲ့အစည်း (CSOs)များ စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အသိအမှတ်ပြု CF ကော်မတီကို ဘိတ်-ထားဝယ်ခရိုင်တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ဖွဲ့စည်းပေးခဲ့ပြီး CF လက်မှတ်များကိုင်ဆောင်ထားသူ ဒေသခံများမှာ ရွာပေါင်း ၄၁ ရွာကျော်ရှိသည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here