အပစ်ရပ်အဖွဲ့တို့၏ ဘုံသဘောထား ရပ်တည်ချက် ရှာပုံတော်

0
155

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၀၂/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်ထိထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် သဘာပတိဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြောခဲ့သည့် မိန့်ခွန်းအပိုဒ်တိုလေးကို သတိပြုမိခဲ့သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “အခုအချိန်မှာ ကျနော်တို့ ၁၀ ဖွဲ့ကြားမှာ ဘုံသဘောထားရပ်တည်ချက်တွေ ချမှတ်ဖို့ မဖြစ်မနေ လိုအပ်နေပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။

လတ်တလော တစ်ဆို့နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်ကိုယ်စားလှယ်မှ တင်သွင်းထားသော “ပြည်ထောင်စုမှခွဲမထွက်ရေး” ကိစ္စပင်ဖြစ်သည်။

ထိုအချက်ကို သဘောတူမှသာလျှင် တိုင်းရင်းသားများအား “ကိုယ်ပိုင်ပြဌာန်းခွင့်” ဆိုသည့် တိုင်း/ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ကိုသဘောတူမည်ဆိုသော အပေးအယူသဘော ချိတ်ဆက်ထားသည်။

မွန်ပြည်သစ်ပါတီ-NMSP ဒုဥက္ကဌ နိုင်ဟံသာက “ ခွဲထွက်ခွင့်ရှိတဲ့ ၁၉၄၇ ပင်လုံစာချုပ်မှာ ကချင်၊ ချင်းနဲ့ ရှမ်းခေါင်းဆောင်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြတဲ့ကိစ္စကို လက်ရှိခေါင်းဆောင်တွေအနေနဲ့ ခွဲထွက်ခွင့်မရှိဆိုပြီး ခြေထောက်နဲ့ လုံးဝရေးဖျက်ကြလိမ့်မှာမဟုတ်ဘူးလို့ ကချင်နဲ့ရှမ်း ခေါင်းဆောင်တွေ ကျနော်တို့ကိုအတိအလင်း ပြောခဲ့တယ်” ဟု ဆိုသည်။

သို့ရာတွင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် မပါဝင်ခဲ့သော ကရင်နီ၊ ကရင်၊ မွန်နှင့် ရခိုင်တို့အနေဖြင့် ခွဲထွက်ခွင့် ရှိ/မရှိဆိုသည့် အချက်ကို အထူးမပြောလိုသော်လည်း ကချင်၊ချင်း၊ ရှမ်းတိုင်းရင်းသားများနှင့်အတူ “ဘုံသဘောထားရပ်တည်ချက်” ကို စဉ်းစားလာရသောအခါ မူလပင်လုံစာချုပ်(၁၉၄၇) ကို ပစ်ပယ်ထား၍ မဖြစ်တော့ဟုလည်း သူကယူဆထားသည်။

သျှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ -RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က “၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ အဲဒီအချိန်ကာလက နိုင်ငံရေး အနေအထားအရ တချို့တိုင်းရင်းသားတွေ ပါဝင်တာရှိမယ် တချို့တိုင်းရင်းသားတွေ မပါဝင်တာ ရှိပါလိမ့်မယ်၊ တချို့တိုင်းရင်းသားတွေ မပါဝင်ခဲ့ဘူးဆိုပေမယ့်လည်း ယနေ့ ကျနော်တို့ခံစားနေရတာက ကျနော်တို့အားလုံးဟာ ဘဝတူတွေပဲ ဖြစ်ကြပါတယ်” ဟု အောက်တိုဘာ ၁၁ ရက်နေ့ ချင်းမိုင်မြို့ PPST အစည်းအဝေး သဘာပတိအပိတ်မိန့်ခွန်းတွင် ပြောသွားခဲ့သည်။

NCA စာချုပ်တွင် ပင်လုံစိတ်ဓါတ်ပါဝင်ပြီးဖြစ်သည့်အတွက် လက်မှတ်ထိုးခဲ့ကြသည့်အဖွဲ့အစည်း အားလုံးအနေဖြင့် ပင်လုံကတိကဝတ်များနှင့် ပင်လုံစာချုပ်ကို အသေးစိတ်ပြန်လည်သုံးသပ်ဖို့လိုအပ်သလို အကယ်၍ ယခင် “ပင်လုံစာချုပ်” မရှိခဲ့ပါက ယနေ့ “ပြည်ထောင်စုမြန်မာနိုင်ငံတော်” ဖြစ်လာနိုင်စရာအကြောင်းမရှိဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထောက်ပြသည်။

“ကျနော်တို့ ဒီမိုကရေစီ ဖက်ဒရယ်ကို တောင်းဆိုနေကြပါတယ်၊ ကျနော်တို့ကို “ခွဲမထွက်ရ” ဆိုတဲ့ပိတ်ဆို့မှုကြီးနဲ့ တားဆီးပိတ်ဆို့နေပါတယ်၊ ဒါကြောင့်နိုင်ငံရေးဆွေးနွေးမှုဟာ တစ်ဆို့နေခဲ့ရပါတယ်၊ နိုင်ငံရေးမှာ ရိုးသားမှုရှိမယ်ဆိုရင် “မခွဲထွက်ရ” ဆိုတာကတော့ အိပ်နေတဲ့ ဆင်လိုကျားလိုပါပဲ၊ သူတို့ကိုသွားနှိုးစရာမလိုပါဘူး၊ ဒီကိစ္စကို လာပြီးဆွေးနွေးစရာလည်း မလိုပါဘူး”ဟု ၎င်း၏ သျှမ်းဘာသာမိန့်ခွန်းကို ဘာသာပြန်မှတဆင့် နားထောင်လိုက်ရသည်။

၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) မှာလည်း “ခွဲထွက်ရေး၊ ခွဲမထွက်ရေး” စကားလုံးကို မဆွေးနွေးရန် တိုင်းရင်းသားကိုယ်စားလှယ်အချို့ တင်ပြခဲ့သည်ကို ပြန်လည်မှတ်မိနေသည်။

KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက “မခွဲထွက်ရကိစ္စတွေက NCA ထဲမပါဝင်ဘူး၊ တစ်ခုတည်းသောတပ်မတော် လက်ခံရမယ်ဆိုတဲ့အခြေခံမျိုးတွေ NCA ထဲမှာမပါဘူး၊ အဲဒီတော့ NCA အကောင်အထည်ဖော်မှုတွေမှာ NCA အထဲမှာရှိတဲ့ ဆက်လက်ညှိနှိုင်းရန်လိုအပ်တဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စများကိုသော်လည်းကောင်း ၊ NCA ရဲ့အဓိပ္ပါယ်ဖွင့်ဆိုရာမှာ မတူညီတဲ့အချက်ကိုသော်လည်းကောင်း ၊ ကြားကာလမတူညီတဲ့အချက်ကိုသော်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကွဲလွဲတဲ့အယူအဆကိုသော်လည်းကောင်း ဒါတွေက ဆက်ပြီးတစ်ဆို့စေတဲ့ကိစ္စတွေဖြစ်တယ်၊ အဲဒါကိုညှိနှိုင်းဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ဖို့ လိုအပ်ပါတယ်” ဟု အောက်တိုဘာ ၁၅ ရက်နေ့ ထိပ်သီးအစည်းအဝေးရက်ရွှေ့ဆိုင်းလိုသည့်ကိစ္စနှင့်ပတ်သက်၍ KNU သဘောထားကို ထုတ်ပြန်ခဲ့စဉ် မီဒီယာမှတဆင့် ပြောခဲ့သည်။

ထို့ကြောင့် အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော် (၁၀+၁၀) ထိပ်သီးအစည်းအဝေး မစခင်မှာဘဲ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များသည် “ဘုံသဘော ထားရပ်တည်ချက်”ရှာပုံတော်ဖွင့်ရင်း ဆွေးနွေးရန်ကြိုးပမ်းနေရသည့် ပုံဖြစ်နေသည်။

၁၀+၁၀ ထိပ်သီး ခေါင်းဆောင်များဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်မှာ ကျင်းပကြမည် ဖြစ်သည်။

အဆိုပါ ၁၀+၁၀ တွင် အစိုးရ၊လွှတ်တော်၊ တပ်မတော်မှ ၁၀ ဦးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင် တက်ရောက်မည်ဖြစ်ပြီး NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဥက္ကဌနှင့် ဒုဥက္ကဌများက ဦးဆောင် တက်ရောက်ကြမည် ဖြစ်သည်။

၁၀+၁၀ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦးလက်ခံပါက အစိုးရ၊လွှတ်တော်၊တပ်မတော်၏ သဘောထားရပ်တည်ချက်များ အဖြေရနိုင်သည့်တိုင် အပစ်ရပ်စဲရေး ၁၀ ဖွဲ့အနေဖြင့် “ဘုံသဘောထားရပ်တည်ချက်” မရှိသေးသဖြင့်အရေးကြီးသည့်ဆုံးဖြတ်ချက်များ မည်ကဲ့သို့ချမှတ် သွားမည်ကို စဉ်းစားမရ ဖြစ်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ ယခုပထမအကြိမ် ထိပ်သီး ဆွေးနွေးပွဲသည် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မချမှတ်နိုင်သော်ငြား တစ်ဆို့မှုအချို့ကို ကျော်ဖြတ်နိုင်မည့် ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်ခြေ အရှိဆုံး အခင်းအကျင်းဟု မှတ်ယူနိုင်မည်။

သို့ရာတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “အရင် သမ္မတဦးသိန်းစိန် တုန်းက UPWC -NCCT , NCA negotiating တုန်းက ခုလိုထိပ်သီး Summit ကိုလက်မခံလို့ JICM ဘဲရခဲ့တာ။ အခုတပ်မတော်ဖက်က Summit ကိုလက်ခံတာက မဆိုးပါ။ ဒါပေမယ့်အဖြေတော့ မသိသေး” ဟု လက်ရှိငြိမ်းချမ်းရေးဖြစ်အပေါ် မှတ်ချက်ပြုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here