NCA ၃နှစ်ပြည့် ထိပ်သီးအစည်းအဝေး နိုင်ငံတကာဖိအားလျှော့ချရေး ကြိုးပမ်းမှုသာဖြစ်ဟု IKO ပြော

0
183

လာမည့် အောက်တိုဘာလ ၁၅ရက်နေ့တွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် – NCA လက်မှတ်ရေးထိုးသည့် ၃နှစ်ပြည့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲသည် အစိုးရနှင့် တပ်မတော်တို့ လတ်တလော ရင်ဆိုင်နေရ သည့် နိုင်ငံတကာ ဖိအားကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းမှုသာဖြစ်သည်ဟု နိုင်ငံတကာကရင်အဖွဲ့အစည်း(IKO)က အောက်တိုဘာလ ၁ဝရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

IKO ပြောခွင့်ရသူ မန်းအော်လန်းဒိုက “အခုအချိန်က ကျနော်တို့မြင်နေတာ၊ နိုင်ငံတကာကနေ စစ်ခေါင်းဆောင်တချို့ကိုပေါ့ နော်။ ICC ကို တင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေတဲ့အချိန် ဖြစ်တယ်ပေါ့နော်။ ကမ္ဘာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လာတာတွေရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တိုင်းရင်းသားတွေကို ခေါ်ယူပြီးတော့ လက်မှတ်ထိုးပြခြင်းအားဖြင့် Cover ယူပြီးတော့ တိုင်းရင်းသားတွေပါ သူတို့ကို ထောက်ခံပါတယ်ဆိုတဲ့ဟာကို အသုံးချတာလည်းဖြစ်တယ်ဆိုတာ ကျနော်တို့ ယူဆတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ NCA လုပ်ငန်းစဉ်များ ဆက်သွားရန် ကြန့်ကြာနေမှုသည် တပ်မတော်၏ စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားသည့် ဆန္ဒ မရှိခြင်းကြောင့်ဖြစ်သလို တပ်မတော်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးထက် NCA ကို အကြောင်းပြုပြီး တိုင်းရင်းသားဒေ သများကို ကြီးစိုးလွှမ်းမိုးနိုင်ရန်ကိုသာ ကြိုးပမ်းလုပ်ဆောင်နေကြောင်း မန်းအော်လန်းဒိုက ပြောသည်။

တပ်မတော်သည် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူ (၆)ချက်ကို အသေစွဲကိုင်နေသမျှ ကာလပတ်လုံး ပြည်တွင်း ငြိမ်းချမ်းရေးခရီးစဉ် ရှေ့ဆက်နိုင်ရေးအတွက် ကြန့်ကြာနေဦးမည်ကြောင်းလည်း IKO က ပြောဆိုသည်။

ထို့အပြင် တပ်မတော်သည် တိုင်းရင်းသားတိုင်း၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အမှန်တကယ် လိုလားခြင်းမဟုတ်ဘဲ နိုင်ငံတကာကို လှည့်စားလိုသော ရည်ရွယ်ချက်ဖြင့် NCA ကို အသုံး ချနေခြင်းဖြစ်သလို မြန်မာ့တပ်မတော်၏ သဘောထားနှင့် လုပ်ကိုင်ဆောင်ရွက်မှုများမှာ ယင်းတို့ အာဏာတည်မြဲရေးအတွက် သာဖြစ်သည်ဟု IKO က ထောက်ပြပြောဆိုသည်။

NCA လက်မှတ်ထိုးသည့် ၃နှစ်ပြည့် နှစ်ပတ်လည် ထိပ်သီးငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်းမြို့နယ်ရှိ၊ ပုပ္ပားတောင်ဒေသတွင် ကျင်းပရန် ကနဦး လျာထားခဲ့ကြသည်။

သို့သော် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အောက်တိုဘာ ၁ဝရက်မှ ၁၁ရက်နေ့အထိ ပြုလုပ်ခဲ့သည့် NCA-S EAOs ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်၏ တစ်ဆို့နေမှုများကို ကျော်လွှားနိုင်ရေးအတွက် ဆွေးနွေးအဖြေရှာသွားရန် လာမည့် အောက်တိုဘာလ ၁၅ရက်နေ့တွင် နေပြည်တော်၌ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ဆွေးနွေးပွဲ ပူးတွဲ ကျင်းပသွားရန် သဘောတူဆုံးဖြတ်လိုက်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ ကရင်အဖွဲ့အစည်း -IKO ကို အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိက စသည့် နိုင်ငံပေါင်း ၃၀ကျော်မှ ကရင်လူမှု အဖွဲ့အစည်းများဖြင့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here