ကရင်အမျိုးသားသမိုင်းပြုစုရာတွင် ကိုးကားနိုင်မည့် အထောက်အထားသစ်များ တွေ့ရှိ

0
326

ကရင်အမျိုးသားသမိုင်း ပြုစုရာတွင် အထောက်အကူဖြစ်စေပြီး ကိုးကားနိုင်မည့် အထောက်အထားသစ်များ တွေ့ရှိထားသည်ဟု ဦးဆောင်ပြုစုနေသူ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှ ကထိက ဒေါက်တာနန်းလှိုင်က ကေအိုင်စီသို့ ယနေ့(စက်တင်ဘာ ၁၉ ရက်)တွင် ပြောသည်။

ကရင်အမျိုးသား သမိုင်းကို အခန်း (၅) ခန်းခွဲကာ ပြုစုလျက်ရှိရာ အခန်း (၄) တွင် ပါဝင်သည့် ဒုတိယကမ္ဘာ စစ်ပြီးကာလ ကရင်-ဗမာ အဓိကရုဏ်းဖြစ်ပွားခြင်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ကရင်လူမျိုးများ၊ မြန်မာ့ လွတ်လပ်ရေးနှင့် ကရင့်ခေါင်းဆောင်များ၏ သဘောထားစသည်တို့ကို ပြုစုလျက်ရှိရာတွင် ယခုလို အထောက်အထားသစ်များ တွေ့ရှိခြင်းဖြစ်သည်ဟု ဒေါက်တာ နန်းလှိုင်က ပြောသည်။

၎င်းက “အခု အခန်း ၄ ကို အရင်လုပ်နေတယ်။ ပြုစုတဲ့အခါ အထောက်အထားသစ်တွေ တွေ့တယ်။ ပြောရမယ် ဆိုရင် အမျိုးသားမော်ကွန်းတိုက်က မှတ်တမ်းတင်ထားတဲ့ ၁၉၄၉-၅၀ နှစ်တွေမှာ တောင်ငူ၊ ကော်သူးလေ အသံလွှင့်ဌာနက သတင်းတွေကို ရထားတယ်။ ဒါတွေက ကေအဲန်ယူဘက်မှာလည်း ကျန်မှာ မဟုတ်ဘူး။ အဲ့တုန်းက ဒီသတင်းတွေကို လက်နှိပ်စက်နဲ့ ရိုက်ပြီး ဝန်ကြီးချုပ်တို့၊ ကာချုပ်တို့၊ ရဲမင်းကြီးတို့ စသဖြင့် လူ ၂၀ လောက်ကိုပဲ ဖြန့်ဝေတဲ့ဟာတွေ ဖြစ်တယ်။ တခြား အထောက်ထားသစ်တွေ ရထားတာလည်း ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ကရင်အမျိုးသားသမိုင်း ပြုစုရာတွင် အချို့သောအထောက်အထားများကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးထိခိုက်နိုင်သည့်အတွက် ကူးယူခွင့်မပြုခြင်းများလည်းကြုံတွေ့ရသလို အချို့ဌာနများသို့ စာတင်ကာ ကူးယူခွင့်တောင်းခံရခြင်းများလည်း ရှိကြောင်း၊ ကရင်လူငယ်အစည်းအရုံး (KYO)က လွတ်လပ်ရေး မရမှီဝန်း ကျင်ခန့်က ထုတ်ဝေသည့် ဂျာနယ်အချို့ကိုလည်း ရရှိထားသည်ဟု ဒေါက်တာနန်းလှိုင်က ပြောသည်။

လက်ရှိ ကရင်အမျိုးသား သမိုင်းပြုစုရာတွင် စာမျက်နှာ ၂၀၀ ကျော် ပြီးစီးနေပြီး၊ ၁၉၈၈ ခုနှစ်၊ လူထု အရေး တော်ပုံတွင်ပါဝင်သည့် ကရင်လူမျိုးများ၏ လှုပ်ရှားမှုများကိုလည်း မှတ်တမ်းတင်သွားရန်ရှိပြီး ပါဝင်ခဲ့သူများကို တွေ့ဆုံ မေးမြန်းနိုင်ရေးအတွက် လမ်းညွှန်ပေးရန်နှင့် အထောက်အထားများရှိပါက သမိုင်းပြုစုရေး ကော်မတီသို့ ပေးပို့ ကူညီကြရန် ပြောလိုသည်ဟု ကော်မတီတာဝန်ရှိသူများက ပြောသည်။

ထို့အပြင် ကရင်အမျိုးသားသမိုင်းပြုစုရာတွင် ပြီးစီးထားသည့် အပိုင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို လာမည့် ပွင့်လင်းရာသီတွင်ပြုလုပ်သွားရန် စီစဉ်ထားပြီး တွေ့ရှိထားသည့် အချက်အလက်များအပေါ် မူတည်ကာ အမှား၊ အမှန်ဆုံးဖြတ် အကြံပြုချက်များ တောင်းခံသွားမည်ဟု ပြုစုရေးကော်မတီထံမှ သိရသည်။

ကရင်အမျိုးသား သမိုင်းပြုစုရေး ကော်မတီကို ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ကမက ထပြု ဖွဲ့စည်းထားခြင်းဖြစ်ကာ အဆိုပါ သမိုင်းကျမ်းကို သမိုင်းကြိုခေတ်နှင့် သမိုင်းတင်ခေတ်ဦး ကရင်လူမျိုး၊ ခေတ်သစ် ကရင်လူမျိုး၊ ဗြိတိသျှ ကိုလိုနီအစိုးရနှင့် ကရင်လူမျိုးများ၊ ဒုတိယ ကမ္ဘာစစ်နှင့် စစ်ပြီးကာလ၊ လွတ်လပ်ပြီးခေတ် မြန်မာ နိုင်ငံနှင့် ကရင်လူမျိုးများ စသည့် အခန်း (၅) ခန်းခွဲ ပြုစုသွားမည်ဖြစ်ကာ လက်ရှိ ငါးပုံ တစ်ပုံခန့် ပြီးစီးနေပြီး ဖြစ်ကြောင်း ဦးဆောင်ပြုစုနေသူ ဒေါက်တာနန်းလှိုင်က ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here