ဖွံ့ဖြိုးရေး စီမံကိန်းအတွက် သိမ်းဆည်းခံ မြေယာအများစု လျော်ကြေးမရရှိဟု KHRGပြော

0
139

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် လုပ်ဆောင်နေသည့် ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ကြောင့် သိမ်းဆည်းခံရသည့် မြေယာအများစုမှာ လျော်ကြေးငွေ မရရှိခဲ့ကြကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ယမန်နေ့( စင်တင်ဘာ ၁၈ရက်)က ပြုလုပ်သည့် KHRG၏ ̔လူထုပါဝင်ခွင့်မရှိသည့် စီမံကိန်းများ ̕ အမည်ရှိ အစီရင်ခံစာ မိတ်ဆက် ထုတ်ပြန်ခြင်း အခမ်းအနားတွင် အစီရင်ခံစာ ပြောခွင့်ရသူ စောဝေလေးက ထိုသို့ ပြောဆို လိုက် ခြင်းဖြစ်သည်။

၎င်းက “ပြည်သူတွေအများစုက မြေယာလျော်မရရှိကြဘူးလို့ ကျနော်တို့ အစီရင်ခံစာထဲမှာ ရှင်းရှင်းလင်းလင်းပဲ ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ မြေယာ အမြောက်အများ အသုံးပြုကြတယ်။ ဒါပေမဲ့ စီမံကိန်းအချို့လောက်ပဲ မြေယာ လျော်ကြေး အနည်းငယ်သာ ပေးဆောင်လို့ပါ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြေယာ လျော်ကြေးငွေပေးချေသည့်အခါတွင်လည်း သက်ဆိုင်ရာ အစိုးရ အာဏာပိုင်၊ စစ်တပ်၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖိအားပေးခြိမ်းခြောက်ခံရမှုရှိပြီး နစ်နာသူဒေသခံ ရွာသားများဘက်က ကြောက်ရွံ့မှုဖြင့် လျော်ကြေးငွေကို လက်ခံ သဘောတူကာယူခဲ့ရကြောင်းလည်း စောဝေလေးက ပြောသည်။

ကရင်၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ထုတ်ဝေသည့် အဆိုပါ ̔လူထု ပါဝင်ခွင့်မရှိသည့် စီမံကိန်းများ ̕အစီရင်ခံစာကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တွင် လုပ်ဆောင်နေသည့် ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် မြေယာသိမ်းဆည်းမှုမှ ဖြစ်ပေါ်နေ သည့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို စာမျက်နှာ တစ်ရာကျော်နှင့် အခန်း (၅)ခန်းဖြင့် အသေးစိတ် မီးမောင်းထိုး ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ KHRG ၏ Program Director နော်ထူးထူးက “၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တအားဝင်လာတယ်။ အဲလို ဝင်လာတဲ့ အခါမှ လျစ်လျူရှုခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဒေသခံတွေ အသံတွေကို စုစည်း တင်ပြတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အကြီးစားသတ္တုတွင်း၊ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ၊ တရုတ်လုပ်ငန်းရှင်များအတွက် တရုတ်မြို့စီမံကိန်း၊ စီးပွားရေး စက်မှုဇုန်၊ အကြီးစား စိုက်ပျိုးရေး လုပ်ငန်း၊ ရေအားလျှပ်စစ်စီမံကိန်း၊ ဆောက်လုပ်ငန်းရေးလုပ်ငန်း၊ လမ်း ဆောက်လုပ်ရေး လုပ်ငန်းတို့ ပါဝင်ပြီး ၎င်းစီမံကိန်းတို့တွင် မြေယာသိမ်းဆည်းမှုများ စွာ ဖြစ်ပေါ်နေသည်ဟု KHRG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာ မိတ်ဆက်ပွဲသို့ တက်ရောက်လာသူ ကရင်အမျိုးသမီးအစည်းအရုံးမှ နော်အဲ လစ်က“ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ဒေသခံ ပြည်သူလူထုတွေရဲ့ အခွင့်အရေး ချိုး ဖောက်ခံရမှုအပေါ်မှာ အစိုးရပဲဖြစ်ဖြစ်၊ မိခင်အဖွဲ့အစည်း(KNU)တို့ပဲဖြစ်ဖြစ် ကျမတို့ လူမှုအ ဖွဲ့အစည်းတွေဖြစ်ဖြစ် အားလုံးပူးပေါင်းပြီးတော့ ဖြေရှင်းရမယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းက အရေး ကြီးတယ်ဆိုပေမဲ့ အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ ပြည်သူတွေရဲ့ အသက်အိုး အိမ်၊ နေရာဒေသတွေကို ထိခိုက်နစ်နာမှု မရှိဖို့က အရေးကြီးပါတယ် ”ဟု ပြောသည်။

ယခုလို မြေယာသိမ်းဆည်းခံရမှုများအပေါ် နစ်နာသူများအတွက် ကြားဝင်လုပ်ဆောင် ပေးသည့် အရပ်ဖက်အဖွဲ့အစည်း(CSO)များနှင့် တိုင်ကြားသူများကို ကေအဲန်ယူနှင့် အစိုးရ တို့မှ ကာကွယ်ပေးရန်၊ လျော်ကြေးငွေပေးရာတွင် ရွာသားများ နစ်မှုမရှိအောင် တွက်ချက် ပေးရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု KHRG အစီရင်ခံစာတွင် ထောက်ပြ ထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ကာ ဒေသခံများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းယူ၍ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ ဖြန့်ဝေခြင်းနှင့် လူ့အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များကို ပြည်သူများအား အသိပညာပေး လုပ်ဆောင်နေသည့် အဖွဲ့ဖြစ် သည်။ မြေယာသိမ်းဆည်းခံရမှု အခြေအနေများနှင့်ပတ်သက်၍ ယခုအစီရင်ခံစာမှာ တတိယအကြိမ်မြောက် ထုတ်ပြန်ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here