ကချင်မျိုးနွယ်များကြား သွေးခွဲစေသော ဥပဒေ ပယ်ဖျက်ပေးရန် လို

0
256
ရှေ့နေ ဒေါ်ဒွဲဘူ၊ မြစ်ကြီးနား မနောကွင်း သတင်းစာရှင်းလင်းပွဲ၊ စက်တင်ဘာ ၁၈၊ ၂၀၁၈

မှားယွင်းနေသော ကချင်မျိုးနွယ်များ၏ သတ်မှတ်ချက်ဥပဒေများကို ပယ်ဖျက်ပေးရန် ကချင်မျိုးနွယ်စုများက နေပြည်တော်တွင် နိုင်ငံတော်အဆင့် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော အကြောင်းအရာများကို မြစ်ကြီးနားတွင် ယနေ့ စက်တင်ဘာ (၁၈) ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကချင်မျိုးနွယ်စုခေါင်းဆောင်များမှ သွားရောက်ဆွေးနွေးတင်ပြခဲ့သောအဓိက အချက် (၃)ချက်သည် ၁၉၅၅၊ အောက်တိုဘာလ (၇)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ အထူးထုတ်ပြန်ချက်မှာ ကချင်မျိုးနွယ် (၆)မျိုး၏ အမည်နာမအချို့မှားယွင်းနေခြင်း၊ ၁၉၈၃ ခုနှစ်တွင် လဝက သန်းခေါင်စာရင်းအရ ကချင်လူမျိုးများ လူမျိုး (၁၂)မျိုး ဖြစ်နေကြောင်းနှင့် ၂၀၀၃ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လဝက ဝန်ကြီးဌာန လူဦးရေခန့်မှန်းစာရင်းတွင် ကချင်မျိုးနွယ်တွင် ဂျိမ်းဖော့မျိုးနွယ်တစ်ခုသာဖြစ်ပြီး ကျန်သော မျိုးနွယ် (၅)ခုက ပြည်နယ်သား မဟုတ်သည့် အခြေအနေသို့ သက်ရောက်နေသောကြောင့် ထိုမှားယွင်းဖော်ပြချက်ကို ကချင်မျိုးနွယ် (၆)ခု၏ တာဝန်ရှိသူများက သဘောတူညီစွာ သွားရောက်တင်ပြ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းကို ဇိုင်ဝါးစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယ တာဝန်ခံ Slg. La Nu (ဦးလနူး) က ပြောဆိုခဲ့ပါသည်။

အဆိုပါ ကချင်မျိုးနွယ်များ၏ မှားယွင်းနေသော သတ်မှတ်ချက်ဥပဒေများနှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့်တာဝန်ရှိသူများကို သွားရောက်တင်ပြဆွေးနွေးခဲ့သည့်အပေါ် အရင်အစိုးရလက်ထက်က မှားယွင်းခဲ့သဖြင့် ကချင်မျိုးနွယ်များ မညီမညွတ် သဘောထားကွဲလွဲမှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် ယခုလက်ရှိအစိုးရတာဝန်ရှိသူများက နည်းလမ်းအမှန်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးစေလိုသဖြင့် သွားရောက် တင်ပြဆွေးနွေးခဲ့သည်ဟု ရှေ့နေ ဒေါ်ဒွဲဘူ က ယခုလို ရှင်းပြသည်။

“ကချင်မျိုးနွယ်တွင် ဂျိမ်းဖော့ တစ်ခုသာ ပါဝင်တယ်လို့ပြောလိုက်တော့ ကျမတို့ ကချင်မျိုးနွယ် (၆)ခုက စည်းလုံးမှုတွေ တဖြေးဖြေး ပျောက်ကွယ်လာတာတွေ့ရတယ်။ အချင်းချင်း ညီညွတ်မှုတွေ မရှိသလို တစ်ယောက်နဲ့တစ်ယောက် အနာဂတ်မှာ အယုံအကြည်မရှိ သွေးခွဲစကားတွေပြောလာတယ်။ ပြဿနာအရင်း ကို တိတိကျကျရှာကြည့်တော့ အရင်အစိုးရလက်ထက်ကတည်းက မှားနေတယ်။ ဒါကြောင့်ယခုအစိုးရက ပြင်ဆင်ပေးဖို့ တာဝန်ရှိတယ်။ ကျမတို့ဖြစ်တဲ့ပြဿနာ ကျမတို့ပြောပြမှ အဖြေမှန်ကို အမြန်သိလာမယ်။ ကချင် ဆိုတာ ဂျိမ်းဖော့ ဘဲ မဟုတ်ဘူး။ မျိုးနွယ် (၆)ခု ပါဝင်ကြောင်းကို သက်သေအထောက်အထားတွေနဲ့ သွားရောက် တင်ပြဆွေးနွေးခဲ့သည်။”

ထိုကချင်မျိုးနွယ်များ၏ မူရင်းပကတိအတိုင်း ကချင်မျိုးနွယ်တွင် မျိုးနွယ် (၆)ခုအဖြစ် အတည်ပြုလာ နိုင်ရန်အတွက် မျိုးနွယ် (၆)ခုမှ ဦးဆောင်နေသော တာဝန်ရှိသူများလည်း မတွန့်မဆုတ်ဘဲ မိမိလူမျိုးရေးဆိုင်ရာ ပြဿနာကို မိမိလူမျိုးအချင်းချင်း အမြန်ဆုံး ဝိုင်းဝန်းဆောင်ရွက်ရာတွင် ပါဝင်စေလိုကြောင်းကို ဆက်လက်ပြောဆိုသည်။

ကချင်မျိုးနွယ်များ၏ မှားယွင်းသော သတ်မှတ်ချက်ဥပဒေများ ပြန်လည် အတည်ပြုလုပ်ဆောင်နိုင်ရန် ၂၀၁၂ ကတည်းက စတင်ကြိုးစားခဲ့သော်လည် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည့်အပြင် လူမျိုး အချင်းချင်းအမြင် ကွဲလွဲမှုများ ရှိနေခဲ့သဖြင့် ယခု ၂၀၁၈ မှသာ စတင်လုပ်ဆောင်လာနိုင်ခြင်း ဖြစ်သည်။

မှားယွင်းနေသော ကချင်မျိုးနွယ်များ၏ သတ်မှတ်ချက်ဥပဒေများကို အမြန်ဆုံး ပြင်ဆင်နိုင်ရန်အတွက် ကချင်မျိုးနွယ် (၆)ခုမှ တာဝန်ရှိသူများ ဆွေးနွေးပွဲများ အဆင့်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here