JMC သည် နာမည်ခံမဟုတ်ဘဲ လက်တွေ့ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်ရန် လိုအပ်

0
214

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် ထိရောက်အောင်မြင်မှုရှိရန် လိုအပ်သည်ဟု JMC-U ဒုဥက္ကဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် (၁၈) ကြိမ်မြောက် JMC-U အစည်းအဝေးအဖွင့်အမှာ စကားပြောရာတွင် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ယခုလို တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက“ကျနော်တို့ရဲ့ JMC ဟာ နာမည်ခံမဟုတ်ပဲ လက်တွေ့အကောင်အထည်ဖော်ရာမှာလည်း ထိရောက် အောင်မြင် နိုင်ဖို့လိုအပ်ပါတယ်။ JMC အကောင်အထည်ဖော်နိုင်မှု အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ကျနော်တို့ပေါ်မှာပဲ မူတည်နေပါတယ်။ ဒါကြောင့် မြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်တွေ အောင် မြင်တယ်၊ မအောင်မြင်တယ်ဆိုတာကို အဲ့ဒါတွေက အမှန်တရားတွေပဲဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ အမှန်တရားများကို လက်ခံနိုင်မှ အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး အားနည်းချက်များကို ဖယ်ရှားကာ အားသာချက်များကို ဖြည့်တင်းအကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ် ကြောင်း ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဆက်ပြောသည်။

(၁၈) ကြိမ်မြောက် JMC-U အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး ယနေ့စတင်ပြုလုပ်သည့် အဖွင့်ပိုင်းတွင် JMC-U ဥက္ကဌ တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဥက္ကဌ -၁ ဖြစ်သူ ကေအဲန်ယူမှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးနှင့် ဒုဥက္ကဌ-၂ အရပ်သားကိုယ်စားလှယ် စိုင်းမျိုးသန့်တို့က အဖွင့် အမှာစကား အသီးသီးပြောကြားခဲ့သည်။

JMC-U ဥက္ကဌ တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က “တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလမှာ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားလိုတဲ့ နယ်မြေတည်ဆောက်တာတွေ အင်အားတည်ဆောက် တာတွေကို ဆောင်ရွက်ခြင်းမပြုဖို့ အတွက် ကျနော်အနေနဲ့ သတိပေးပန်ကြားလိုပါတယ်”ဟု ပြောကြားသည်။

ထို့အပြင် ယုံကြည်မှုတည်ဆောက်ရာတွင် ကိုယ်ပိုင်သွင်ပြင်အမှတ်လက္ခဏာများကို ဦးစားပေးဆောင်ရွက်နေ ခြင်းထက် နိုင်ငံတော်ဆိုသည့် ဘုံအသွင်အပြင် လက္ခဏာ ခိုင်မာအောင် ဆောင်ရွက်ခြင်းသည် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် အကျိုးပြုမည်ဖြစ်ကာ ကိုယ်ပိုင်အသွင်အပြင် လက္ခဏာများကို အလွန်အမင်း ဦးစားပေး ဆောင်ရွက်နေမှုကို သတိထားဆောင်ရွက်သွားရန် တင်ပြလိုသည်ဟု ဆက်ပြောသည်။

အဆိုပါ (၁၈) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ပြီးခဲ့သည့် ၁၇ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုတင်ပြခြင်း၊ အစည်းအဝေးနှစ်ခု ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာအ ကောင်အထည်ဖော်မှု ဆွေးနွေးခြင်း၊ ဒေသခံအရပ်သားစောင့်ကြည့်သူ (Local Civilian Monitoring-LCM)များနှင့် ပတ်သက်၍ဆောင်ရွက် နေမှုများကို တင်ပြဆွေးနွေးခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ကော်မတီ တာဝန်ရှိသူများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here