စိုက်ထူထားသော မြေယာအသိပေးဆိုင်းဘုတ် ဖျက်ဆီးခံရမှု စံဖရီး ဒေသခံများ KNU ထံစာတင်

0
413

ဖားအံမြို့နယ် စံဖရီးကျေးရွာအုပ်စု စံဖနုံကျေးရွာအနီးရှိ အငြင်းပွားမှုများဖြစ်ပွားနေသည့် မြေယာပေါ်တွင် စိုက် ထူထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ မြေယာ အသိပေးဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုကိစ္စကို စုံစမ်းစစ်ဆေး အရေးယူမှုများပြုလုပ်ပေးရန် ဒေသခံများက စက်တင်ဘာလ ၇ ရက်နေ့တွင် KNU ထီလုံမြို့နယ် တာဝန်ရှိသူများထံ စာရေးသားပေးပို့ တင်ပြထားကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့က ဖျက်ဆီးခံလိုက်ရသည့် အဆိုပါ ဆိုင်းဘုတ်များမှာ ဒေသခံပြည်သူများအတွက် KNU မှ ဥယျာဉ်ခြံမြေဖော်ဆောင်ပေးထားသော မြေနေရာတွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များဖြစ်ပြီး နိုင်ငံ တော်အစိုးရနှင့် KNUတို့ ညှိနှိုင်းဆဲကာလဖြစ်သဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်နေထိုင် လုပ်ကိုင် ခြင်းမပြုရန် တားမြစ်ထားသည့်ဆိုင်းဘုတ်များလည်း ဖြစ်သည်။

ဒေသခံတစ်ဦးဖြစ်သူ နော်မခိုင်က“ကျမတို့က KNUကို ယုံကြည်ပြီး မြေဝယ်ထားတာ။ ကျမတို့တဲ၊ ခြံစည်းရိုးဖျက် ဆီး ခံရတာမကပဲ KNU တပ်ထားတဲ့ဆိုင်းဘုတ်ဖျက်ဆီးခံရတယ်ဆိုတော့ ကျမတို့လည်း စိတ်မချမ်းသာဘူး။ စုံစမ်းဖော်ထုတ်ပြီး အရေးယူချင်တဲ့အတွက် ကျမတို့ လူထုတွေက စာတင်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

၂၀၁၇ ခုနှစ်တွင် KNU မှ ၃၀၃ ဧကရှိမြေနေရာပေါ်တွင် ပေ ၆၀x၁၂၀ အကျယ်ရှိမြေနေရာများကို မိသားစုတစ် စုလျှင် တစ်ကွက်နှုန်းဖြင့် ချထားပေးပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာ ပြည်နယ် အစိုးရ အာဏာပိုင်များက အဆောက်အဦးများကို ဝင်ရောက်ဖျက်ဆီးရှင်းလင်းမှုများရှိခဲ့သည့်အတွက် ၎င်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရနှင့် KNUတို့ကြား ညှိနှိုင်းဆွေးနွေးနေဆဲကာလလည်း ဖြစ်သည်။

KNU ထီလုံမြို့နယ် ဥက္ကဌ ပဒိုစောသာဒင်က “ဒီမြေယာ ကိစ္စကို ပြန်လည် ညှိနှိုင်းရဆဲကာလဖြစ်တာကို ဆိုင်း ဘုတ်မှာ ရေးပြထားတယ်။ အစိုးရတို့ နယ်လုံတို့လည်း သိတယ်။ လက်ရှိအချိန်မှာ ခရိုနီပေါက်စတွေက ဒီနေရာမှာ သူတို့ရဖို့ ဖျက်လိုဖျက်ဆီး တာတွေရှိတယ်လို့ကြားတယ်။ ဒီဆိုင်းဘုတ်ကိစ္စကလည်း ဘယ်သူလုပ်လဲဆိုတာ ကျနော်တို့ စုံစမ်းနေပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မကြာသေးခင်က အဖျက်ဆီးခံရသည့် ဆိုင်းဘုတ်နေရာများတွင် KNU ထီလုံမြို့နယ်မှ ဆိုင်းဘုတ် အသစ်ပြန်လည်တပ်ဆင်ထားပြီးဖြစ်သလို အငြင်းပွားမှုများရှိနေသည့် ၎င်းမြေကိစ္စ ပြေလည်ရန်အတွက် ပြည်နယ်အစိုးရနှင့် ထပ်မံတွေ့ဆုံရန်ရှိသည်ဟုလည်း ပဒိုစောသာဒင်က ဖြည့်စွက် ပြောဆိုသည်။

လက်ရှိ KNU၊ ဒေသခံနှင့် အစိုးရကြား ဖြစ်ပွားနေသည့် မြေယာကိစ္စမှာ တပ်စွန့်လွှတ်ထားသည့်မြေဖြစ်ပြီး စွန့် လွှတ်မြေ ၁,၁၂၈.၉၃ ဧကရှိသည့်အနက် ၉၂၈.၉၃ ဧကကို နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ထားမှုများရှိခဲ့ သလို KNU ထီလုံမြို့နယ် အနေဖြင့်လည်း လူထုများ နေထိုင်နိုင်ရန် စားကျက်မြေနှင့် သင်္ချိုင်းအပါအဝင် ၃၀၃ ဧကယူပြီး မြေကွက်ချထားပေးခြင်းလည်းရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here