KNDP ၏ ကြာအင်းဆိပ်ကြီးမြို့နယ် အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်း

0
340

ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေး ပါတီ ၄ ပါတီ ပူးပေါင်းဖွဲ့စည်းထားသော ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီ-KNDP ၏ ကြာအင်းဆိပ်ကြီးမြို့နယ် အလုပ်အမှုဆောင်ကော်မတီကို စက်တင်ဘာလ ၈ ရက်(ယမန်နေ့)က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ပြုလုပ်ခဲ့သော မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းရေးအစည်းအဝေး၌ ၁၅ ဦးပါ ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု KNDP ပါတီ ဥက္ကဌ ဖြစ်သူ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ယခုလို ပြော သည်။

̏ ပါတီ ၄ ပါတီ စုပေါင်း ဖွဲ့စည်းပြီးတဲ့နောက် ပါတီရဲ့အင်အားကို စုဆောင်းရယူတဲ့သဘောမျိုးလည်း ပါတယ်ပေါ့။ နဂို ပါတီဟောင်းတွေ အကုန်လုံး ဖျက်သိမ်းပြီးတော့ အသစ်တဖန် ဖွဲ့စည်းလိုက်တဲ့အခါမှာ အင်အား၊ စာရင်း အတိအကျ၊ အမှန်အကန် ရရှိနိုင်ရေး လာရောက်ပြီးတော့ စည်းရုံးဆောင်ရွက်တယ်လို့လည်း ပြောလို့ရတယ် ပေါ့။” ဟုပြောသည်။

ပါတီအနေဖြင့် မြို့နယ် အလုပ်အမှုဆောင်ကော်မတီကို မြဝတီ၊ လှိုင်းဘွဲ၊ ဖားအံမြို့နယ်တို့တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ယခု ၄ မြို့နယ်မြောက်အဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖွဲ့စည်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု KNDPက ပြောသည်။

ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံမြို့တို့မှ KNDP ပါတီဝင်များ၊ ကျုံခဝန်၊ တောင်ဒီး၊ တံခွန်တိုင်၊ ခလယ်ကျေးရွာအုပ်စုများမှ ပါတီဝင်များ စုစုပေါင်း လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြ သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအဖြစ် ရွေးချယ်ခံရသူ တဂေးရွာမှ စောဆာလောလက “ခု ရွေးချယ်လိုက်တာက မဲစနစ်နဲ့ မဟုတ်ပဲ အားလုံးရဲ့ သဘောဆန္ဒနဲ့ အဆိုပြုပုံစံမျိုးပါ။ ကျနော့်အနေနဲ့ ပါတီကို တိုးတက်အောင်၊ ရှေ့ဆက်ရှင်သန်နိုင်အောင် ခုရွေးချယ်လိုက်တဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားပါမယ်။”ဟု ပြောသည်။

ကရင်ပြည်နယ် အခြေစိုက် ကရင်ပါတီများ ပူးပေါင်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပါတီ အနေဖြင့် ပြီးခဲ့သည့် မတ်လ ၁၂ရက်နေ့တွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် ဧပြီလမှစတင်ကာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းကာ ပါတီ လုပ်ငန်းစဉ်များကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အခြေစိုက် KNDP နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် KPP နှင့် ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ကရင်အမျိုးသားပါတီ(KNP)ဟူ၍ ကရင်နိုင်ငံရေး ပါတီ ၄ ပါတီ ရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပါတီ များအချင်းချင်း မဲဆန္ဒနယ် ထပ်နေမှု များစွာရှိခဲ့ပြီး ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် KPP လွှတ်တော်အမတ်တစ်ဦးမှလွဲ၍ ကျန်ကရင်ပါတီဝင်များအားလုံး အရေးနိမ့်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here