ထိတွေ့ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဟု KNU ပြောဆို

0
390

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)နယ်မြေတွင် အစိုးရ တပ်မတော်နှင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်တို့အကြားတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဟု KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က ကေအိုင်စီသို့ ယနေ့ ပြောသည်။

“ပစ်ခတ်မှုက ကြိုကြားကြိုကြား ရှိနေတုန်းပဲ။ မနေ့ ညနေ ၇နာရီ ၂၄မိနစ်လောက်မှာ ဘူးသို မြို့နယ် တလာအောကလား ဘက်မှာ ပစ်ခတ်မှုဖြစ်သေးတယ်။ KNLA တပ်ရင်း (၁၀၂)ရဲ့ တပ်ခွဲ (၄) တပ်ဖွဲ့ဝင်တွေနဲ့ တပ်မ (၄၄)လက်အောက်ခံ (ခမရ-၂၀၇)တပ်ရင်းတို့ ပစ်ခတ်မှုအနည်း ငယ်ဖြစ်ပွားခဲ့တယ်” ဟု ဗိုလ်မှူးစော ကလယ်ဒို့က ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ KNLA တပ်ရင်း (၁၀၂) လက်အောက်ခံ တပ်ခွဲ (၄)၏ လှုပ်ရှားနယ်မြေအ တွင်းသို့ အစိုးရ တပ်မတော်ဘက်မှ နယ်မြေကျော်လွန် ဝင်ရောက်လာခြင်းကြောင့် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူး စောကလယ်ဒို့က ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်မတော်တို့အကြား တကျော့ပြန်ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ရာမှ ယမန်နေ့အချိန်အထိ နှစ်ဖက်တင်းမာမှုနှင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

သြဂုတ်လ ၂၈ရက်နေ့က ဖာပွန်မြို့နယ်၊ အိမ်ကုန်းရွာနှင့် နိုထာ့ကြားတွင် အစိုးရတပ်မတော် တပ်မ (၄၄) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၂) နှင့် KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကိစ္စကို KNU တပ်မဟာ ၅ ဘက်မှ သြဂုတ်လ ၂၉ရက် နေ့စွဲဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ တိုင်းမှူးထံ ကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ သြဂုတ် ၂၉ ရက်တွင်လည်း ကမမောင်းမြို့နယ်တွင် လှုပ်ရှားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA-ခွဲထွက်အဖွဲ့)နှင့် KNLA တပ်မဟာ (၅)တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး KNLAဘက်မှ တပ်သားတစ်ဦးမှာ မိမိမိုင်းပြန်နင်းမိရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သြဂုတ်လမှ စ၍ DKBA အပါအဝင် အစိုးရနှင့် KNU တပ်မဟာ (၅)အကြား တကျော့ပြန် ပစ်ခတ်မှု (၅) ကြိမ် ထက်မနည်းဖြစ်ပွားခဲ့ပြီး KNU တပ်မဟာ(၂) ဒေသဘက်တွင်လည်း နှစ်ဖက် တင်းမာမှုဖြစ်ပေါ်နိုင်သည့် အခြေအနေမျိုးရှိနေသည်ဟုလည်း KNU တပ်မဟာ (၅)ဘက်က ဆိုသည်။

ထိုသို့ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားခြင်းကြောင့် ဒေသခံရွာသား ၂၀၀ ကျော်မှာ မြိုင်ကြီးငူ ဒေသဘက်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြရသည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here