ကထန်ယန်မှ ဖမ်းဆီးခံ ရွာသား ၂ ဦးကိစ္စ မိသားစုဝင်များ နိုင်ငံတော် သမ္မတထံ စာတင်

0
228

ဖားကန့်မြို့နယ် ကထန်ယန်ကျေးရွာမှ ဖမ်းဆီးခံ ရွာသား (၂)ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဖမ်းဆီးခံရသူ မိသားစုဝင်များမှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် နိုင်ငံတော် သမ္မတထံသို့ စာတင်ထားပြီ ဖြစ်ကြောင်း သိရသည်။

“ကားမိုင်းရုံးက သက်ဆိုင်ရာ တာဝန်ခံတွေ ပြောတာတော့ မြစ်ကြီးနားကို ပို့လိုက်ပြီလို့တော့ပြောတယ်။ သေချာလား မသေချားလားတော့ မသိတော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့ဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ စစ်ဦးစီးချုပ်ရုံး ပြီးတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့ သက်ဆိုင်ရာ ဌာနတွေမှာ ဒီနေ့ဘဲ စာတွေတင်လိုက်တယ်” ဟု ဖမ်းခံရသူ ဦးဖော်ယမ်လဆမ်၏ ဖခင် ဦးဖော်ယမ်နော်က ပြောသည်။

ဖမ်းဆီးခံထားရသူ ဦးဖော်ယမ်လဆမ် နှင့် ဦးလဖျော်ခေါင်ဒေါင်တို့ (၂)ဦးကို ဗုဒ္ဓဟူးနေ့ နံနက် (၃)နာရီခွဲ ချိန်ခန့်တွင် နေအိမ်မှ တပ်မတော်သားများ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ချိန်ထိ မိသားစုဝင်များနှင့် အဆက်သွယ်မရသေးသည့် အပြင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း အတိအကျ မသိသေးကြောင်း မိသားစုများထံမှ သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး လက်ရှိ အခြေနေအား ကထန်ယန် အုပ်ချုပ်ရေးမှူးထံ ဆက်သွယ် မေးမြန်းကြည့်ရာ “ကျနော်တို့ ကားမိုင်းထွေအုပ်ရုံးကို ဖြစ်စဉ်အားလုံး ဖုန်းနဲ့အကြောင်းကြားထားတယ်။ သူတို့က ဗျူဟာမှူးဆီ ဖုန်းဆက်မေးပေးမယ် ဆိုပြီးပြောတယ်။ နေ့လည်လောက်ကျတော့ ဦးစီးမှူးက လာခဲ့ကြအုံးဆိုပြီးခေါ်လို့ ကျနော်တို့ ပြန်သွားလိုက်တယ်။ အဲဒါနဲ့ ကျနော်တို့မေးလိုက်တာ ခုလောလောဆယ် ဘယ်မှာထိန်းသိမ်းထားလဲ မေးတော့ ဦးစီးမှူး ဦးမျိုးသက်အောင်က မြစ်ကြီးနားပို့လိုက်ပြီဆိုပြီးတော့ ပြောတယ်” ဟု ကထန်ယန် အုပ်ချုပ်ရေးမှူး ဦးဇော်ဆိုင်း ပြောသည်။

၎င်းကိစ္စအား ကထန်ယန်အုပ်ချုပ်ရေးအဖွဲ့၊ လွယ်ဆိုင်အုပ်ချုပ်ရေးမှူး၊ ဖမ်းဆီးခံရသူမိသားစုများ ပြောပြချက်အရ မြစ်ကြီးနားသို့ လွှဲလိုက်ပြီဖြစ်ကြောင်း ပြောခဲ့သော်လည်း Kachin News Group (KNG) မှ ဦးစီးမှူး ဦးမျိုးသက်အောင်အား ဆက်သွယ်မေးမြန်းရာ တွင် အတည်ပြုခြင်း မရှိခဲ့ပေ။

“တပ်မတော်က ကျနော်တို့အုပ်ချုပ်မူအောက်မှာ မရှိဘူးလေ အဲတော့ကျနော်တို့လည်း ပြောလို့မရဘူး။ လောလောဆယ် ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကိုလည်း ကျနော်တို့ မသိဘူးခင်ဗျ” ဟု ဦးစီးမှူး မျိုးသက်အောင်က ပြောသည်။

ကထန်ယန်ကျေးရွာအုပ်စုရှိ ဒေသခံများသည် မကြာသေးချိန်ကလည်း တပ်မတော်က ယခုလို ဖမ်းဆီးခေါ်ဆောင်မှု ခံရခြင်း ရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးဇော်ဆိုင်းကပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here