မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းရွာသားများကို ACHC က ဆန်အိတ် ကူညီပေး

0
564

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသော အောင်မြင်သာ ရွာသားများကို စီမံကိန်း ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးစားနေသော တရုတ် ACHC က ဆန်အိတ်များကို ယနေ့ သြဂုတ် ၂၈ ရက်နေ့ ထပ်မံ ထောက်ပံ့မှု ပေးခဲ့ပါသည်။

စီပုံကိန်းစတင်ချိန်မှ ရွှေ့ပြောင်းသွားရသော မြစ်ဆုံ ဒေသခံများကို တစ်နှစ်လျှင် ၃ ကြိမ် ပုံမှန် ထောက်ပံ့ပေးခြင်းလည်း ဖြစ်သည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို အလိုမရှိသော်လည်း စားဝတ်နေရေး အဆင်မပြေမှု ကြုံနေရသောကြောင့် တရုတ်ကုမ္ပဏီ၏ ထောက်ပံ့မှုကို ရယူနေခြင်းမှာ စိတ်မကောင်းစရာ ဖြစ်ကြောင်း မြစ်ဆုံအရေး ကန့်ကွက်တက်ကြွသူ ဒေါ် Nhkum Ja Hkawn (အင်ခွမ်ဂျာခေါန်) က ကချင်သတင်းဌာန KNG ကို ယခုလို ရင်ဖွင့်ပါသည်။

“ကျမတို့ကို သူတို့က အတင်းရွှေ့ပြောင်းခိုင်းလို့ ပြောင်းလာတာ ဟုတ်တယ်။ ဒီနေရာမှာက ဘာမှလုပ်စားလို့မရဘူး။ အဲ့တော့ သူတို့က ထောက်ပံ့ ပေးရမယ်။ အခုသူတို့ထောက်ပံ့ပေးတာ က မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ပုံမှန်ထောက်ပံ့နေတယ်။ ပြီးရင်မြစ်ဆုံစီမံကိန်းအတွက် သူတို့နည်းအမျိုးမျိုးနဲ့ကြိုးစားနေတယ်။ ဒါကြောင့် အမြဲစိတ်မကောင်းဖြစ်မိတယ်။”

မြစ်ဆုံစီမံကိန်း (၇)နှစ် ရပ်နားထားပြီး ယခုအချိန်စီမံကိန်းများ လှုပ်ရှားလာသဖြင့် စိတ်မကောင်းသလို အစိုးရမှ စီမံကိန်းကို ရပ်တန့်ပေးစေချင်ကြောင်း ဆက်လက်ပြောဆိုသည်။

တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီ State Power Investment Corporation (SPIC) ၏ ထောက်ပံ့ပေးမှုသည် မြစ်ဆုံစီမံကိန်နှင့် မသက်ဆိုင်ဘဲ ရွှေ့ပြောင်းလာသော ရွာသားများကို လူသားချင်းစာနာထောက်ထားမှု နှင့် အတူ ကူညီပေးနေခြင်းဖြစ်သည်ဟု အောင်မြင်သာ အုပ်ချုပ်ရေးမှူး ဦး Naw Ja (နော်ဂျာ) ကလည်း ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“သူတို့ပြောတာကတော့ စီမံကိန်းကြောင့် ရွှေ့ပြောင်းလာတဲ့ရွာသားတွေက စားဝတ်နေရေးအဆင်ပြေရန်အတွက် ဆိုပြီးထောက်ပံ့ပေးနေတယ်။ သူတို့ကိုယ်တိုင်လည်း ခဏခဏအဲ့လိုဘဲပြောတယ်။ တစ်ခြားဘာရည်ရွယ်ချက်မှမရှိဘူးလို့။”

အောင်မြင်သာကျေးရွာအတွင်း လက်ရှိလူဦးရေ ၂၁၅၄ ခန့်ရှိပြီး ဆန်အိတ်များကို မိသားစုလူဦးရေပေါ်မူတည်ပြီး တစ်အိမ်ကို (၉)အိတ်၊ (၁၀)အိတ်ခန့်ပေးသည် ဟုသိရသည်။

အောင်မြင်သာကျေးရွာသာမက Mali Yang (မလိယန်) ကျေးရွာဘက်တွင်လည်း ဆန်အိတ် ထောက်ပံ့မှုကို မနက်ဖြန် ထပ်မံ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here