ကိုဗစ် ကာကွယ်ရေးအတွက် အမျိုးသားလုံခြုံရေးအဆင့်အဖြစ် KNU သတ်မှတ်

0
174

သြဂုတ်လ ၂၆ ရက်၊ ၂၀၂၀ ပြည့်နှစ်။

လတ်တလော မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းအနေဖြင့် ကူးစက်ခံရမှု နှုန်း မြင့်မား လာခြင်းအပေါ် KNU- ကရင်အမျိူးသားအစည်းအရုံးမှ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို အမျိုးသား လုံခြုံရေး အဆင့် သတ်မှတ်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းသိရသည်။

KNU တပ်မဟာ (၇)ဌာနချုပ်၌ သြဂုတ်လ ၂၄ရက်မှစ၍ ၂၆ရက်နေ့အထိ KNU မှ အရေးပေါ် ဖွဲ့စည်း ထားသည့် ဗဟိုအဆင့် နှင့် ခရိုင် အဆင့် ကိုဗစ် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဝင်များပါဝင်သည့် အစည်းအဝေး တစ်ရပ်ကို ခေါ်ယူ၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဗဟိုအဆင့် ကော်မတီခေါင်းဆောင် ပဒို စောဒိုင်းမွန်းခင်က “အခု ဥရောပမှာ ကာကွယ်ဆေးတွေ ထုတ်ဖို့ကြိုး စား ပေမဲ့ စမ်းသပ်မှုက မလုပ်ရသေးသော စိုးရိမ်စရာက ရှိသေးတယ်။ နောက်ပြီး အခု ရခိုင်ဘက်က တော် တော်လေး ကူးစက်ခံနေရတယ်။ ဒီကူးစက်ခံရတာကလည်း ပြောကြတာက ပြည်ပက ပြန်ရောက်လာသူ တွေဆီက မဟုတ်ဘဲသူတို့ကြားမှာပဲ ဖြစ်တဲ့အတွက် အစိုးရက Lock downချရတဲ့အထိ ပြန်ဖြစ်လာတာပေါ့။ ဒါကြောင့် ဒီကိုဗစ် အစီအစဉ်ကို ကျနော်တို့ မိခင်အဖွဲ့အစည်းက အမျိုးသား လုံခြုံရေးအဆင့်ထိ သတ်မှတ်ပြီး ရှေ့ဆက် လုပ်ငန်စဉ်ချမှတ်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

လက်ရှိ အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအတွက် Joint Peace Fund မှတဆင့် ACCESS TO HEALTH ၏အစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများအတွက် ငွေကြေး ကူညီထောက်ပံ့မှုများရှိပြီး KNUအနေဖြင့် ယခင်ဇူလိုင်လမှ ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ (၈) သိန်းကျော်ရရှိထားပြီး Kaw Lah Foundation နှင့် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW တို့ပူး ပေါင်းစီမံဆောင်ရွက်သွားမည်ဟု ပဒို စောဒိုင်းမွန်းခင်က ဆက်ပြောသည်။

KNUအနေဖြင့် ကိုဗစ် အရေးပေါ် ကာကွယ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ၎င်းတို့၏ ထိန်းချုပ်နယ်မြေနှင့် ထိစပ် နယ်မြေများအတွင်း Screening Point (၃၇) နေရာ နှင့် Quarantine Center (၁၅)နေရာ ဖွင့်လှစ် ဆောင်ရွက်ထားပြီး ၎င်းတို့ကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွန်းမံဆောင်ရွက်သွားရန်ကိုပါ စီစဉ် ဆောင်ရွက် နေကြောင်း တာဝန်ရှိသူများက ဆိုသည်။

၃ရက်တာ ပြုလုပ်သည် KNU ကိုဗစ် အရေးပေါ် တုံ့ပြန်ရေ ကော်မတီဝင်များ၏ အစည်းအဝေးပွဲကို ဗဟို အဆင့် ကော်မတီဝင်များနှင့် ခရိုင်အသီး သီးမှ ကော်မတီဝင် ကိုယ်စားလှယ်များ စုစုပေါင်း (၄၀)ကျော် ပါဝင်တက် ရောက်နေ ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ သြဂုတ်လ ၂၆ရက်နေ့ နောက်ဆုံး ထုတ်ပြန် ထားသည့် ဓါတ်ခွဲ နမူနာ ရလဒ်အရ ပိုးတွေ့လူနာ ၇၀ ဦး ထပ်မံတွေ့ရှိပြီး စုစုးပေါင်း ပိုးကူးစက် ခံရသူ ၅၇၄ ဦး အထိ ရှိလာပြီး ၃၄၁ဦး ပြန်လည်ကောင်းမွန်လာကာ ၆ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိ တွင် စောင့်ကြည့်လူနာ ၇၃၁၁ ဦးရှိကြောင်းသိရသည်။

စအိုင်ဆူး (KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here