မြစ်ကြီးနားမြို့ ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်လိုကြောင်း ပြောဆို

0
352

၁၃ ဇူလိုင် ၂၀၂၀

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အနီး နန်းကွေ့အုပ်စု၊ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်များက ၎င်းတို့၏ မူလနေရပ်သို့ပြန်ကာ ပြန်လည်အခြေချနေထိုင်လိုကြောင်း ပြောဆိုနေကြသည်။

အဆိုပါ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်ပြည်သူများမှာ ၂၀၁၇ ခုနှစ် ဟူးကောင်း လီဒိုလမ်းမ တိန်းကောက်ကျေးရွာအနီးတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထွက်ပြေးလာခဲ့သော ရဝမ်ကုန်းကျေးရွာသားများ ဖြစ်ကြသည်။

လက်ရှိ ကဘူဒမ်းကျေးရွာတွင်ခိုလှုံနေသော မြေနေရာသည် လာမည့် ၂၀၂၁ တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် စာချုပ်မကုန်ခင် နေရပ်ပြန်လိုကြောင်း ပြောဆိုနေကြသည်။

“ဒီမှာနေတဲ့ စစ်ရှောင်တွေက အိမ်ပြန်ချင်တာကြာလှပါပြီ။ ဘာကြောင့်လဲဆိုတော့ အခြေအနေအမျိုးမျိုးကြောင့် ဒီနေရာမှာ ဆက်နေဖို့က အဆင်မပြေတော့ဘူး။ အဓိကတော့ အခုသူတို့နေထိုင်နေတဲ့ စခန်းမြေနေရာကို ၃နှစ်သာ နေထိုင်ဖို့စာချုပ်ချုပ်ထားတာ ဖြစ်တယ်။ အခုဆိုအချိန်က တစ်နှစ်ကျော်ကျော်သာကျန်တော့တယ်။ အဲ့လိုအနေအထားတွေဖြစ်နေတယ်။ သူတို့ကရွာကိုပြန်ချင်နေပြီ။” ဟု ကဘူဒမ်းစစ်ရှောင်တာဝန်ခံ ဦးဆန်နိုင်ဖီက ပြောဆိုသည်။

၎င်းတို့က မိမိအစီအစဉ်ဖြင့် နေရပ်ပြန်ချင်သော်လည်း လုံခြုံရေးအရ စိုးရိမ်မှုရှိနေသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုကြောင်း သူကပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိ Covid-19 ရောဂါဖြစ်ပွာသည့်ကာလတွင် စစ်ရှောင်စခန်းပြည်သူများ၏ စားဝတ်နေရေး အကြပ်အတည်းဖြစ်လာသည်ဟု ဆိုသည်။

ရဝမ်ကုန်းကျေးရွာသားများသည် မြစ်ကြီးနား နန်းကွေ့ရှိ ကဘူဒမ်းကျေးရွာ ခရစ်တော်၏အသင်းတော်ဘုရားကျောင်းဝင်းတွင် မိုးကာတဲဖြင့် ၁ နှစ်ကျော်ခန့် ခိုလှုံခဲ့ရပြီးနောက်၊ ကြက်ခြေနီအသင်း၏ ကူညီထောက်ပံ့မှုဖြင့် ၎င်းတို့ကို နေအိမ်အဆောင် ၂ဆောင် ဆောက်လုပ်ပေးခဲ့သည်။

“နေရပ်ပြန်တာကို အလွန်လိုလားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာနေရတာ နေရထိုင်ရတာလည်း ကျဉ်းကြပ်တယ်။ ကိုယ်သွားချင်သလိုလည်းသွားလို့မရဘူး။ အများရဲ့လက်အောက်မှာ နေရတာဖြစ်တယ်။ နေရတာလည်း လွတ်လပ်မှုမရှိဘူး။ ကိုယ့်ခြံကိုယ့်ဝန်းနဲ့နေချင်ပြီ။ ကိုယ့်နေရာမှာဆို ဘယ်လောက်ဘဲ ခက်ခဲခက်ခဲ နေနိုင်တယ်” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဒေါ်မေရမ်က ပြောဆိုထားသည်။

ထို့ကြောင့် အစိုးရအနေဖြင့် စစ်ရှောင်များကို ကူညီထောက်ပံ့ပေးရန်နှင့် နေရပ်ပြန်ရေး ကို အမြန်အကောင်ထည်ဖော်ပေးရန် မျှောင်လင့်ကြောင်း ဆက်လက်ပြောဆိုသည်။ လက်ရှိ ကဘူဒမ်းစစ်ရှောင်စခန်းတွင် ရဝမ်မျိုးနွယ်စု အိမ်ထောင်စု ၁၄စု နှင့် လူဦးရေ ၄၁ ယောက်ရှိနေကြောင်း သိရသည်။

၂၀၁၇ တိန်းကောက်ကျေးရွာအနီးတဝိုက်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်ပွဲများ ပြင်ထန်စွာဖြစ်ပွားခဲ့သည်သာမက မြန်မာစစ်တပ်ဘက်မှ ဒေသခံများကို KIA စစ်သားများအဖြစ် ထင်မြင်မှာယွင်းကာ ညှဉ်းပမ်းနှိပ်စက်မှုများ လုပ်ဆောင်ခဲသဖြင့် ရဝမ်းကုန်းဒေသခံများက မြစ်ကြီးနားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

ကခင် စစ်ရှောင်များနေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရနှင့် ကချင်လူသားချင် စာနာထောက်ထားရေးအဖွဲ့ (KHCC)တို့ ပူးပေါင်းပြီး နေရပ်ပြန်ပို့ပေးသည့် လုပ်ဆောင်ချက်များရှိနေသည့်အတွက် ၎င်းတို့လည်း ထိုနည်းတူ နေရပ်ပြန်လိုကြောင်း ပြောဆိုနေကြသည်။

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here