ဇွန်လအတွင်း ရခိုင်ဒေသ စစ်ဘေးရှောင် ၃၀၀၀၀ ခန့် တိုးလာ

0
237

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၊ စစ်ရေးလှုပ်ရှားမှုများ၊ နယ်မြေရှင်းလင်းရေး လုပ် ဆောင်ချက်များနှင့် တန်ပြန်တိုက်ခိုက်မှုများကြောင့် ဇွန်လအတွင်း စစ်ရှောင် ၃၀၀၀၀ ကျော်ခန့် တိုးလာ သည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည့်စာရင်းအရ ရခိုင်ပြည်နယ်အတွင်း စစ်ရှောင် ၁၉၀၇၀၈ ဦးရှိပြီဟု သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “အတိအကျဆိုရင်တော့ ၃၄၀၀၀ လောက် တိုးလာပါတယ်။ ဇွန်လတစ်အတွင်းတိုးလာတာ မှန်ပါတယ်ဗျ။ အဓိကတော့ ရသေ့တောင် မြို့နယ်၊ အမ်းမြို့နယ်ပေါ့နော်။ နောက်ပြီးတော့ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အစပ်မှာလည်းပဲ အနည်းငယ် ရှိပါတယ်။ အခုကလေ ဒီရာသီကလည်း မိုးရာသီဖြစ်တော့ နယ်မြေကလည်း မငြိမ်းချမ်းသေးတော့ တချို့က စစ်ရှောင် စခန်းတွေမှာ နေနေစဲ၊ နေရပ်ကို လုံးဝပြန်တာမျိုးမဟုတ်ပေမယ့် ခဏပြန်ကြည့်တာတွေတော့ ရှိ တယ်။ သွားလိုက်လာလိုက်လုပ်နေတာတွေ ရှိပါတယ်” ဟု ပြောသည်။

ဇွန်လက REC ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်ဦးရေမှာ ၁၅၆၄၅၆ ဦး ရှိသည်။

ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းကျေးရွာအနီးတဝိုက်ရှိိ ကျေးရွာ ၉ ရွာ၊ ကြိမ်သာ အနီးတဝိုက်ရှိ ကျေးရွာ ၃ ရွာ၊ ကူတောင်အနီးတဝိုက်ရှိ ကျေးရွာ ၆ ရွာတို့မှ လူဦးရေ (၂၀၀၀၀) ကျော် တို့မှာ ၎င်းတို့၏ နေရပ်ကျေးရွာများကို စွန့်ပြီး စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရဆဲ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် အမ်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ ခန့်မှာ လူဦးရေ ၅၀၀၀ ခန့် နှင့် မြောက်ဦးမြို့နယ် အတွင်း က မြောင်းဘွေတိုက်နယ်ထဲမှ ကျေးရွာပေါင်း ၅ ရွာခန့်မှ ဒေသခံပြည်သူ ၂၅၀၀ ခန့်ကလည်း စစ်ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးနေကြရသည်ဟု REC က ပြောသည်။ မြို့ပေါ်သို့ မရောက်လာသေးသည့် စစ်ရှောင်များ လည်း ရှိသည်ဟု ဆိုသည်။

ရသေ့တောင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ရန် တရားဝင်စာထုတ်ပြီး စစ်ဆင်ရေးတိုးမြှင့်ခြင်း များ ရှိခဲ့သော်လည်း အမ်းမြို့နယ်တွင် တရားဝင်စာမထုတ်ပဲ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုများရှိခဲ့သည်ကို တွေ့ရပါသည် ဟု REC က ပြောသည်။

“စာထုတ်ပြန်ခြင်းကို တပ်မတော်က ပြန်လည်ရုပ်သိမ်းခဲ့သည်ဆိုသော်လည်း လက်တွေ့တွင် နယ်မြေရှင်း လင်းရေးနှင့် စစ်ဆင်ရေး တိုးမြှင့်ခြင်းများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်မှု လွန်စွာများ ပြားခဲ့ပါသည်” ဟုလည်း REC ၏ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်သည့် စစ်ဘေးသင့်/စစ်ဘေး ဒုက္ခသည် အရေအတွက်ကို တင်ပြသည့် ထုန်ပြန်ချက်ထဲတွင် ရေးသားသည်။

တစ်လအတွင်း စစ်ရှောင် ၃၀၀၀၀ ကျော်တိုးလာရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ “နယ်မြေရှင်းလင်း ရေးကို ပိုပြီးတော့ လုပ်လာတယ်။ နောက်တစ်ခု ကျနော်တို့ သံသယရှိတာကတော့ တိုက်ရိုက်တော့ မဟုတ် ဘူးပေါ့နော်။ နောက်ခံအကြောင်းတွေများဖြစ်မလားပေါ့၊ အခုက ရွေးကောက်ပွဲနီးလာတော့ နယ်မြေစစ်ဆင် ရေးတွေ ပိုချလာတယ်။ တိုက်ပွဲတွေ ပိုဖန်တီးလာတယ်ပေါ့ဗျာ။ သေချာတာကတော့ စစ်ဆင်ရေး ပိုတိုးလာ တယ်။ နယ်မြေရှင်းလင်းရေးပုံစံက တရားဝင်ရော တရားမဝင်ရော လုပ်လာတာရှိတယ်။ ဒါကြောင့် ဒီတစ်လ တွင်း စစ်ရှောင်ဦးရေက အခုလိုတိုးလာဖြစ်ပါတယ်” ဟု ဦးဇော်ဇော်ထွန်း က ပြောသည်။
စစ်ရှောင်များသည် ရသေ့တောင်မြို့ပေါ်အပါအဝင် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် စစ်တွေမြို့ပေါ်အထိ ထွက် ပြေးလာသူများ ရှိသလို တိုက်ပွဲများဖြစ်ပွားရာ နေရာအနီးတဝှိုက်ရှိ ကျေးရွာအချို့ တွင်လည်း ခိုလှုံနေသူများရှိ သည်ဟု သိရသည်။

ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း က စစ်ဘေးဒုက္ခသည်များအနေဖြင့် စားနပ်ရိက္ခာမလုံလောက်ခြင်းနှင့် အချို့‌စခန်းများသို့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုအတွက် ခရီးသွားလာခွင့် (TA) ကန့်သတ် ထား ခြင်းများ ကြုံနေရသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က “ပုဏ္ဏားကျွန်းက စစ်ရှောင်တွေ ရဲ့ နံပါတ်တစ်လိုအပ်ချက် ရိက္ခာပေါ့ဗျာ။ ဒုက္ခသည်စန်းတွေ ကို ရောက်လာတာကလည်း ဘာမှ မပါလာဘူးလေ နော်။ ရွာမှာကျန်ခဲ့တာတွေလည်း အကုန်ဖျက် ဆီးခံရတော့ တော်တော်ကို ခက်ပါတယ်ဗျ။ သွားလာရေး က လည်း အဆင်မပြေဘူး။ တချို့နေရာတွေဆိုရင် ရေလမ်းပဲရှိတယ်။ တပ်ကအဲ့လမ်းကို ပိတ်ထားတော့ ရိက္ခာပို့ဖို့ ကူညီမယ့်လူရှိရင်တော့ သွားရေးလာရေး အဆင်မပြေဘူးလေ။ အဓိကတော့ အစိုးရက ဖြေရှင်ပေးရမှာလေ။ ရိက္ခာမရောက်တဲ့နေရာတွေကိုလည်း အစိုးရက စီစဉ်ပြီးပို့ပေးရမှာ။ သူလုပ်ရင်တော့ ဘယ်သူမှလည်း တားဆီး မှာမှ မဟုတ်တာ။ အခုက အဲ့လို ထိထိရောက်ရောက်မလုပ်ပေးတာ” ဟု ပြောသည်။

ထို့အပြင် စစ်ရှောင်ပြည်သူအချို့မှာ စာသင်ကျောင်းများတွင် ခိုလှုံနေကြရသည့်အတွက် လက်ရှိနေရာများမှ ဖယ်ရှားခံရတော့မည်ဖြစ်သော်လည်း နေထိုင်ရန် နေရာသစ် အဆင်သင့်မဖြစ်ရှိပဲ နေစရာများ အရေးပေါ် လို အပ်နေခြင်း၊ အချို့မှာမူ ယခင်နှစ်က ဆောက်လုပ်ခဲ့သည့် ယာယီတဲများဖြစ်သောကြောင့် ပြန်လည် ဆောက် လုပ်ရန် လိုအပ်နေသော်လည်း အလှူရှင်များ မရှိခြင်းတို့ကြောင့် အခက်အခဲဖြစ်နေရသည်ဟု သိရသည်။

စစ်ရှောင်စခန်းအချို့မှာ မိုးတွင်းကာလ ရေကြီးသည့် ဒဏ်များကို ခံနေရခြင်း၊ ရာသီဥတု အပြောင်းအလဲ ကာလ ကြောင့် ဖျားနာ၊ ဝမ်းရောဂါနှင့် တုတ်ကွေးရောဂါများ ဖြစ်ပွားနေခြင်းနှင့် COVID-19 ရောဂါ ကူးစက်မည်ကို စိုးရိမ်ကြရသည်ဟု အကူအညီပေးနေသူများနှင့် စစ်ရှောင်များက ပြောသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here