မေလအတွင်း ငြိမ်းချမ်းရေး အညွှန်းကိန်းများ

0
232

နေ့စဉ်ဖြစ်ပွားခဲ့သော တိုက်ပွဲများ ၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော IDP များ၊ တိုက်ပွဲ‌ကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသွားသူနှင့် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရသူ စသော အခြေအနေများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းတာနိုင်မည့် အညွှန်းကိန်းများ ဖြစ်ပါသည်။ ထို့အပြင် ငြိမ်း ချမ်းရေးအတွက် တွေ့ဆုံဆွေး‌နွေးမှုများသည်လည်း အညွှန်းကိန်း တစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။

BNI – Myanmar Peace Monitor မှ မေလအတွင်း တွေ့ရှိခဲ့ရသော ပြည်တွင်း၊ ပြည်ပသတင်း ဌာနများမှ သတင်းအချက်အလက်များကို စုဆောင်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာ စောင့်ကြည်လျက်ရှိပါသည်။

တိုက်ပွဲများ ၊ စစ်ဘေးရှောင်များ

မေလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားသည့် ရက် ပေါင်း (၁၂) ရက် ရှိခဲ့ပါသည်။ ထိုအနက် (၆)ရက်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရခိုင့် တပ်တော်(AA)နှင့် တပ်မတော်အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုသည် (၃)ရက်ရှိခဲ့ပြီး မေလအတွက် ဒုတိယအများဆုံးဟု ဆိုရပါ မည်။

NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် တပ်မတော်အကြားတွင်လည်း ကောင်း ၊ NCA လက်မှတ်ထိုးရေးဆွေး‌နွေးညှိနှိုင်းလျက်ရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တပ်မတော်အကြားတွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားမှု တစ်ရက်စီရှိခဲ့ပါသည်။ အာဆာ (ASRA)နှင့် တပ်မတော်အကြားလည်း တိုက်ပွဲ တစ်ရက် ရှိခဲ့ပါသည်။ မိမိတို့အနေဖြင့် တိုက်ပွဲဖြစ်ပွားမှုကို ရက်ဖြင့် သတ်မှတ်ကောက်ယူခြင်း ဖြစ်သဖြင့် အကြိမ်အားဖြင့်ဆိုပါက ယခုထက် ပို များနိုင်ပါသည်။

မိမိတို့တွေ့ရှိခဲ့သော သတင်းများအရတော့ ယခုလအတွင်း စစ်ဘေးရှောင်အရေအတွက် လျော့နည်းလာ ခဲ့ပြီး ထူးခြားမှုအဖြစ် ချင်းပြည်နယ် ပလက်ဝဒေသမှ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်သို့ တိမ်း ရှောင်လာသော စစ်ဘေးရှောင် (၅၀)ဦးကို တွေ့ရှိရပါသည်။ ထို့ပြင် ပလက်ဝမြို့နယ် အိမ်ခြေ ၁၂၀ခန့် ရှိသော အောက်မီးလက်ဝရွာ မီးလောင်ပျက်ဆီးသွားခဲ့သည်။ ယင်းရွာသည် စစ်ကြောင့် ရွာသူရွာသား များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ရွာဖြစ် သည်။

အရပ်သား ထိခိုက်နစ်နာမှုများ

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ဘေးရှောင်အရေအတွက် လျော့ကျလာသော်လည်း အရပ်သားသေဆုံးမှုများ၊ ထိ ခိုက်ဒဏ်ရာရှိမှုများနှင့် မြေမြှုပ်မိုင်းအန္တရယ်များကတော့ ရှိနေဆဲဖြစ်ပါသည်။

မေလအတွင်း ရခိုင်ပြည်နယ် မောင်တော ၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားမြို့နယ်တို့တွင် မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူနှင့် သေဆုံးမှုများရှိခဲ့သည်။ မြေပုံနှင့် ကျောက်တော် မြို့ နယ်တို့တွင်တော့ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာနှင့် အသက်သေဆုံးမှုများ ရှိခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့အဝင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ တော့ မရှိခဲ့ပါ။ မွန်ပြည်နယ် ရေဖြူမြို့နယ်တွင်တော့ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲကာ ဒေသခံတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့သည်။ ယခုလိုအရပ်သားများ ထိခိုက်နစ်နာမှုများတွင် မည်သည့်လက်နက် ကိုင်အဖွဲ့အစည်းကမှ တာဝန်ယူမှု မရှိဘဲ အပြန်အလှန်ငြင်းဆိုလေ့ရှိသည်ကို တွေ့ရသည်။

တွေ့ဆုံဆွေးနွေးမှု အညွှန်းကိန်းများ လားရာ

နိုင်ငံတော်သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားသည့် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းရင်း သားလက်နက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ငြိမ်းချမ်းရေးအတွက် အထောက်အကူ ပြုနိုင်မလား၊ စစ်ဒဏ်ကို ကုစားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမည့်အကြောင်း ပြီးခဲ့သည့် ဧပြီလ က တင်ပြခဲ့ပါသည်။

အလုပ်ဖြစ်သည်ဟု ယတိပြတ်မဆိုနိုင်သော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ အကြား တွေ့ဆုံဆွေးနွေးမှုအညွှန်းကိန်းများတော့ တက်လာခဲ့ပါသည်။

အစိုးရ Covid -19 ကာကွယ်ရေး ပူးပေါင်းအဖွဲ့နှင့် KNU အကြား တွေ့ဆုံမှု (၂)ကြိမ်၊ PNLO၊ CNF၊ ALP၊ MNSP၊ KIOတို့နှင့် တစ်ဖွဲ့ချင်းစီအလိုက် တစ်ကြိမ်စီ တွေ့ဆုံမှုရှိခဲ့သည်။ ထို့အပြင် NCA လက်မှတ်ထိုး ထားသည့် EAO (၁၀)ဖွဲ့ပါသည့် အဖွဲ့နှင့်လည်း တွေ့ဆုံမှုရှိခဲ့သည်။

တစ်ဖက်တွင်လည်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်နှင့် UWSA၊ NDAA တို့အကြားတွေ့ဆုံမှုရှိခဲ့သလို KNPP၊ KIO၊ MNSPတို့ကိုလည်း တပ်မတော်မှ Covid -19 ကာကွယ်ရေးအထောက်အပံ့များပေးအပ် ခဲ့ပါသည်။

KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ကိုယ်တိုင်ပင် Covid-19အတွက် တွေ့ဆုံမှုသည် ငြိမ်း ချမ်းရေးအတွက် လမ်းစဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါသည်။

ထူးထူးခြားခြားသတင်းများ

မိမိတို့၏ နေ့စဉ်သတင်းစောင့်ကြည့်မှုတွင် မြင်တွေ့ခဲ့ရသည့် ထူးခြားပြီး စိုးရိမ်ဖွယ်သော သတင်း အကြောင်းအရာကတော့ အကြမ်းဖက်ဉပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံရသူ တောင်ကုတ်မြို့နယ်မှ အရပ်သား (၅)ဦးသည် တရားရုံးမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့သော်လည်း ဗုံးဖောက်ခွဲမှုဖြင့် ထပ်မံ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စစ်ဆေးသည့် KNU ဂိတ်ကို တပ်မတော်မှ တားမြစ်ခြင်း ၊ မင်း ပြား၊ ကျော်တော် နှင့် ရသေ့တောင်မြို့နယ်တို့ရှိ ကျေးရွာအချို့တွင် တပ်မတော်စစ်ကြောင်းမှ ဝင်ရောက် စစ်ဆေးမှုကြောင့် ဒေသခံရွာသားများ ထွက်ပြေးကြရခြင်း၊ ရွာသားများကင်းမဲ့နေသည့် ပလက်ဝမြို့နယ် အောက်မီးဝရွာ မီးလောင်ပျက်ဆီးခြင်း၊ မြောက်ဦးမြို့နယ် လက္ကာရွာမီးရှို့ခံရမှုတွင် တပ်မတော် ထုတ် ပြန်ချက်နှင့် ဒေသခံများပြောချက် ကွဲလွဲနေခြင်းတို့ကို ‌တွေ့ရှိခဲ့ရသည်။

ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လိုက်နာရန် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တို့အကြား အပြန်အလှန်သတိပေးမှုများရှိခဲ့သည်။ တစ်ဖက်တွင်တော့ စတုတ္ထအကြိမ် ၂၁ရာစုပင်လုံအစည်းအဝေးကို လာမည့်ဇူလိုင်လတွင် ကျင်းပနိုင်ရေး အစိုးရက အဆိုပြု ထားပါသည်။

သတိပြုရမည့် ထုတ်ပြန်ချက်များ

အကြမ်းဖက်အဖွဲ့ရှိရာ ဒေသများမှအပ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပ်မတော်မှ အပစ်ရပ်ကြောင်း ကြေညာခဲ့ပါသည်။ အကြမ်းဖက်အဖွဲ့ ကြေညာခြင်းခံထားရသည့် ULA/AA အပါအဝင် TNLA၊ MNDAAတို့ ကလည်း တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ဒေသကို အပစ်ရပ်ရေးအတွက် ချန်မထားဖို့ ထုတ်ပြန် တောင်းဆိုခဲ့ပါသည်။ အလားတူ ၎င်းတို့အဖွဲ့များအနေဖြင့်လည်း အပစ်ရပ်ကြောင်း ကြေညာခဲ့ပါသည်။

ကိန်းဂဏန်းများအရတော့ အကြမ်းဖက်အဖွဲ့မဟုတ်သော KNU၊ KNPPတို့နှင့် တပ်မတော်အကြား တိုက် ပွဲဖြစ်ပွားမှုရှိခဲ့သလို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခံထားရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲမို့ အပစ်ရပ်ကြေညာချက်သည် ကြေညာချက်သက်သာမျှ သာဟု ဆိုရမလိုဖြစ်နေပါသည်။

တစ်ဖက်တွင်တော့ တပ်မတော်နှင့် ULA/AA အကြားတိုက်ပွဲများ ရပ်တန့်ရေးအတွက် ချင်းလူငယ်များ အဖွဲ့က ထုတ်ပြန်တောင်းဆိုခဲ့သလို မွန်ပြည်နယ်အတွင်းက မြေမြှုပ်မိုင်းများ ဖြေရှင်းပေးရေးအတွက် မွန်အရပ်ဖက်အဖွဲ့များ၏ တောင်းဆိုမှုများရှိနေပါသည်။

ယခုလအတွင်း တွေ့ရှိခဲ့သော အညွှန်းကိန်းများ၊ ထုတ်ပြန်ချက်များနှင့် ကောက်နှုတ်ဖော်ပြခဲ့သော ထူး ခြားသတင်းအချို့သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တွေးဆစရာများကို လစ်ဟပြနေလိမ့် မည်ဟု ယုံကြည်ပါသည်။

#BNI-MyanmarPeaceMonitor

LEAVE A REPLY

Please enter your comment!
Please enter your name here