KNU ထိန်းချုပ်နယ်မြေအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံအရပ်သားနှစ်ဦး ဒဏ်ရာရ

0
190

၄ ဇွန် ၂၀၂၀

ကရင်ပြည်နယ်၊ ဖာပွန်ဒေသတွင် မြန်မာတပ်မတော် လက်အောက်ခံတပ်ရင်းမှ ဒေသခံ ကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင်း ဇွန်လ ၂ရက်နေ့က ဒေသခံ ရွာသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

မူတရော်(ဖာပွန်)ခရိုင်၊ ဘူးသို မြို့နယ်၊ မောလောကလိုး ကျေးရွာအနောက်ဘက်ရှိ ဝါးကလိုးထကျေးရွာအနီးသို့ တပ်မတော် အမှတ်(၈) စစ်ကွပ်ကဲ ရေးဌာနချုပ် လက်အောက်ခံ တပ်၊ ခြေမြန်တပ်ရင်း(ခမရ-၄၁၀)စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင်း ဝါကလိုးထကျေးရွာ ဒေသခံ သားအဖနှစ်ဦး ကို ထိမှန်ခဲ့ကြောင်း ဆိုသည်။

အမည်မဖော်လို သူ ဒေသခံတစ်ဦးက “မနေ့က ၂နာရီကျော်လောက်မှာ KNLA နဲ့ ပစ်ကြတာ။ အဲ့ဒါ သူတို့ (စစ်တပ်) ဘက်က လက်နက်ကြီး ၂လုံးပစ်လိုက်တာ ရွာထဲကို ကျပြီး ရွာထဲက သားအဖနှစ်ဦးကို သွားထိတာပဲ။ သူတို့ကို ကမာ့မောင်း ဆေးရုံးကို ပို့လိုက်တယ်” ဟု ပြောသည်။

အဆိုပါ လက်နက်ကြီးထိမှန်သူ သားအဖ နှစ်ဦး မှာ အသက် (၅၂) နှစ်အရွယ် စောဖားပိုကေး နှင့် ၎င်း၏ သမီးဖြစ်သူ အသက် (၁၆)နှစ်အရွယ် နော်မေရီတို့ ဖြစ်ကြသည်ဟုလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

အဆိုပါ ဒေသခံ ကျေးရွာသား နှစ်ဦး လက်နက်ကြီးထိမှန်ပြီး ကမာ့မောင်း ဆေးရုံသို့ လာရောက် ပို့ဆောင်ကုသ ခဲ့ကြောင်း အမည်မဖော်လိုသူ ကမာ့မောင်း ဆေးရုံးမှာ ကျန်းမာရေး ဝန်ထမ်းတစ်ဦးကလည်း ကေအိုင်စီသို့ အတည် ပြုပြောဆိုသည်။

၎င်းက “မိုင်း အစထိတာ။ ရွားသားပဲ၊ သူ့အဖေနဲ့ သမီးနဲ့။ သူ့အဖေက ခြေထောက်မှာထိတာ၊ သူ့သမီးက လက်မှာ ထိတာ။ သိပ်တော့ ဆိုးဆိုးဝါးဝါးမဖြစ်ဘူး။ ဒီနေ့မနက် ဆေးရုံးကတောင် ဆင်းသွားပြီး။ ရေပူရွာက လို့တော့ ပြောတယ်။ ကလေးမလေးက ၁၃နှစ်ပဲရှိသေးတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ဒေသခံ ထိခိုက်ခံရမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)၊ မူတရော်(ဖာပွန်) ခရိုင်မှ မြေပြင်သတင်းမတက်လားသေးသောကြောင့် တစ်စုံတစ်ရာ မသိရှိရသေးကြောင်း ဆိုသည်။

လတ်တလောကာလတွင်လည်း ကေအဲန်ယူတပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် မြန်မာ တပ်မတော် လက်အောက်ခံတပ်ရင်းတို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဆက်လက်ဖြစ်ပွား နေပြီး ပြီးခဲ့သည့်လတွင်လည်း အရပ်သားထိခိုက်မှု ထွက်ပြေးတိမ်းရှောင်ရမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များထံမှ သိရသည်။

အလားတူ KNU-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၅)နှင့် တပ်မဟာ(၇) ထိစပ်နယ်မြေများတွင် ပြီးခဲ့သည့် ဧပြီလ နှင့် ယခုလ မေလအတွင်း တပ်မတော်မှ တပ်အင်အားသစ်များ ထပ်မံတိုးချဲ့ထားမှု လုပ်ဆောင်လာသလို စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကြောင့် ဒေသခံကျေးရွာသား ၁၃၀ ကျော် တိမ်းရှောင်းမှုများပြုလုပ်ခဲ့ရကြောင်း KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့သည့် မေလ ၂၉ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သေးသည်။

စအိုင်ဆူး(KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here