ပုသိမ်တွင် ဧည့်စာရင်း မတိုင်သူ ၃၀ ကို ဖမ်းပြီး တယောက်ကို ကျပ် ၅ သောင်းစီ တောင်းယူ

0
546

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ရပ်ကွက်တစ်ခုထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းဝင်စစ်ပြီး မြို့ခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ တစ်ယောက်လျှင် ကျပ်ငွေ ၅ သောင်းစီတောင်းသည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်မြို့၊ ၆ ရပ်ကွက်ရှိ ကုသိန္တာရုံအတွင်းလမ်းက ထန်းကုန်းလေးရပ်ထဲကို စစ်တပ်က ရှောင်တခင် ဧည့်စာရင်းဝင်စစ်ခဲ့ပြီး ဧည့်စာရင်း မတိုင်ရသေးသည့်သူများနှင့် တိုင်ရမည့် ရက်ကျော်နေသူများအား ဖမ်းဆီးကာ တယောက်လျှင် ငွေ ၅ သောင်းကျပ်စီ တောင်းခဲ့ခြင်းဖြစ်သည်။

“ဧည့်စာရင်း ညတိုင်း စစ်နေတာ။ ဖမ်းတာကလည်း ညတိုင်းပဲ။ ဒါပေမယ့် ဒီတစ်ခါ အဖမ်းခံရတာ ဒဏ်တပ်ခံရတာအများဆုံးပဲ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့၊ ၆ ရပ်ကွက်ထဲ ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်က ရှောင်တခင် ဧည့်စာရင်းဝင်စစ်ခဲ့ခြင်း ဖြစ်သည်။

ဒဏ်ငွေများကို အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ ခေါင်းဆောင်က ယူသွားပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းထားသည့်သူများကို ခံဝန်ချက်လုပ်ခိုင်းကာ ဧည့်စာရင်း ပုံမှန်တိုင်ဖို့ပြောဆိုကာ ပြန်လွှတ်ပေးလိုက်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

အဖမ်းခံရသည့် သူများမှာ ရပ်ကွက်အတွင်း အိမ်ငှားရမ်းကာ နေထိုင်သူအများစုဖြစ်ပြီး အချို့က မိသားစု အိမ်ထောင်ပွားများဖြစ်ကာ တစ်အိမ်တည်း၌ နေထိုင်သူများဖြစ်သော်လည်း အိမ်ထောင်စုဇယားအတွင်း စာရင်းမဖြည့်ရသေးသူ၊ သန်းခေါင်းစာရင်း မပြောင်းရသေးသူနှင့် မလုပ်ရသေးသူများသာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သန်းခေါင်စာရင်းက လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ မှတ်ပုံတင်ရုံးမှာလုပ်ရင် ငါးသောင်းကျော်ကုန်တယ်ဆိုတော့ မတတ်နိုင်ဘူးလေ။ အဲဒီတော့ မလုပ်တော့ဘဲ ဧည့်စာရင်းတိုင်ပြီး ယာယီသန်းခေါင်စာရင်းနဲ့ နေကြတာ။ အခုက အဖမ်းခံရသူတွေထဲမှာ တနယ်တကျေးကလာတဲ့ ဧည့်သည်တွေမပါဘူး” ဟု ၆ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ဧည့်စာရင်းလာစစ်သည့် စစ်ကောင်စီတပ်သားများက ဒေသခံများ၏ နေအိမ်အတွင်း ဘုရားခန်းနှင့် ဧည့်ခန်းများပါမချန် ဖိနပ်စီးကာ ဝင်ကြသည့်အပြင် နေအိမ်ထဲက မိသားစုဝင်များကိုလည်း အကြောင်းမဲ့ ကြိမ်းဝါးဆဲဆိုမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဧည့်စာရင်းစစ်ခံရသည့် အိမ်ရှင် အချို့က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း တော်လှန်ရေးအင်အားစုများက မြို့ပြ ပြောက်ကျား စစ်ဆင်ရေးဖော်ဆောင်မှုများကို မကြာခဏ လုပ်ဆောင်မှုများရှိနေသလို စစ်ကောင်စီတပ်ကလည်း ဒေသခံများကို အမျိုးမျိုးစွပ်စွဲကာ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဖမ်းဆီးခံရသူများကို ခြိမ်းခြောက် အနိုင်ကျင့်နှိပ်စက်ကာ ငွေညှစ်တောင်းယူမှုများ အဆက်မပြတ်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here