လောင်းလုံးမြို့နယ်အတွင်း နယ်မြေခံရဲစခန်းအပါအဝင် နေရာ ၅ ခုကို ဒေသခံ PDF များ ဝင်တိုက်

0
337

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နယ်မြေခံရဲစခန်းနေရာအပါအဝင် နေရာ ၅ ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့တိုက်ခိုက်ပြီးနောက် နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကြောက်လို့ အိမ်တံခါးတွေပိတ်၊ မီးတွေပိတ်ပြီး အမှောင်ထဲမှာ ငြိမ်နေကြရတာ။ အသံတောင်မထွက်ရဲဘူး။ တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးသံတွေ အဆက်မပြတ်ဘူး၊ နှစ်ဘက်လုံး ပစ်နေတဲ့ အသံမျိုးကြားရတယ်” ဟု ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၄ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်တွင် မောင်းမကန်ရဲစခန်းကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီခန့်အထိ နှစ်ဖက်ကြား အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း ထားဝယ်ဘက်မှ စစ်ကူလာသည့် စစ်ကား ၆ စီးမှာ မောင်းမကန်ကျေးရွာအနီး သုံးထပ်လမ်းကွေ့နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် စစ်ကား ၁ စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုများပင်ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

“လမ်းမပေါ်မှာ ကျည်ခွံတွေ တွေ့ရတယ်၊ ကားလမ်းနံဘေး မြေကြီးတွေ ဖွာထွက်နေတဲ့ ချိုင့်တစ်ခုနဲ့ စစ်ကားတစ်စီး ပျက်စီးပြီး ရပ်ထားတာလည်း တွေ့တယ်။ စစ်သားတွေတော့ မတွေ့ဘူး” ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

မောင်းမကန် နယ်မြေခံရဲစခန်း ပစ်ခတ်ခံရပြီးနောက် မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ သဘော့ဆိပ်ပြင်ကြီး၊ ကရင်ကြီး စသည့် ကျေးရွာတို့တွင် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က လုံခြုံရေး အထူးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ရဲစခန်း တိုက်ခိုက်ခံနေရစဉ် တချိန်တည်း၌ လောင်းလုံးမြို့နယ် မြေစာရင်း ဦးစီးဌာနရုံးအနီးတွင်လည်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးဟု ဆိုသည်။

ထို့အပြင်ထိုည တစ်ညတည်းမှာပင် လောင်းလုံးမြို့၊ ကရင်ကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ဦးလေးလေးနှင့် အဖွဲ့ဝင်များ စုပေါင်း စခန်းချနေထိုင်သည့် နေအိမ်လည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး PDF အဖွဲ့များနှင့် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သေးသည် ဟု ဒေသခံများက ပြောသည်။

အလားတူ ကရင်ကြီးရွာသို့ စစ်ကူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားတစ်စီးလည်း ကျောက်ဆင်နှင့် သဘော့ဆိပ်ကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရမှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ရာ ၎င်းထိခိုက်ဒဏ်ရာရသူများအား ထားဝယ် တပ်နယ်စစ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုများ ခံယူနေရပြီး အရေအတွက်ကိုမူ မသိရှိရဘူးဟု တပ်နယ်ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မောင်းမကန် ရဲစခန်း အပါအဝင် စစ်ကောင်စီ၏ စစ်ကူယာဉ်များ မိုင်းဆွဲခံရခြင်းနှင့် ပျူစောထီးအဖွဲ့များ တိုက်ခိုက်ခံရခြင်းများအတွင်း ထိခိုက်သေဆုံးမှု အခြေအနေများကို သိရှိအတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက်သတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ထိုပစ်ခတ်တိုက်ခိုက်မှုများကို မည်သည့်အဖွဲ့အစည်းက ပြုလုပ် ဆောင်ရွက်ခဲ့သည်ကိုမူ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းအချိန်ထိ သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here