ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွာ ၃ ရွာအား စစ်ကောင်စီစစ်ကြောင်းက မီးရှို့

0
342
ဓါတ်ပုံ - ထန်းဇင်ကျေးရွာကို ၂၀၂၂ နိုဝင်ဘာ ၃၀ ရက်နေ့တွင် မီးရှို့ဖျက်စီးသွားသောပုံ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာ သုံးရွာကို စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ တရက်တည်းတွင် စစ်ကောင်စီစစ်ကြောင်းက တရားကျေးရွာ၊ ရှမ်းကုန်းကျေးရွာနှင့် အုန်းတောကျေးရွာတို့ကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

“သူတို့ ရွာကို မီးရှို့ပြီးတော့ ကောက်ပဲသီးနှံတွေကိုလည်း ရှို့ကြတယ်။ မနေ့က တရက်တည်း သုံးရွာလောက် ရှို့ခံရတယ်။ အခုက ကောက်ပဲသီးနှံတွေ ရိတ်တဲ့ ရာသီဆိုတော့ ရိတ်ပြီး ပုံထားတာတွေကို ရှို့သွားတယ်။ လယ်ထွန် စက်တွေပါ ရှို့သွားကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းက လက်ရှိအချိန်ထိ အနီးအနားက အခြားကျေးရွာထဲ ရှိနေသေးသောကြောင့် နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးဘူးဟု ဒေသခံများက ဆိုသည်။

“စစ်သားတွေက သွားလာနေသေးတော့ ရွာထဲသွားကြည့်လို့က မရသေးဘူးဗျ။ ဆားလင်းကြီးမြို့နယ်ထဲကကို ဒီလဆန်း ၁ ရက်နေ့ကနေ စစ်ကြောင်းက ထိုးနေတာ။ သူတို့ဝင်လာတဲ့ လမ်းတလျှောက်က ရွာတိုင်းလိုလို မီးရှို့ ခံရတာပဲ။ သူတို့လာပြီလို့ အသံကြားနဲ့ ရွာသားတွေက ကြိုရှောင်ပြေးရတာ။ မပြေးလို့လည်း မရဘူး။ တွေ့ကရာလူကို သတ်၊ ရိုက် အဲ့လိုလုပ်တာ။ ရှေ့ရက်တွေကဆို ထန်းဇင်၊ လက်ပံကျွန်း၊ တောကျောင်း၊ ရေမိန်တောင်နဲ့ ဒီ ဆားထုံးရွာက အိမ်တွေ မီးရှို့ခဲ့ရသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆားထုံးကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့သည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာအတွင်းက အသက် ၈၀ ကျော် အဘွားအိုနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သေးသည်ဟု ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းက တရားကျေးရွာကို ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်မီးရှို့ခဲ့ခြင်းဖြစ်ပြီး နံ့နက် ၇ နာရီဝန်းကျင်ခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

တရားကျေးရွာကို မီးရှို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လက်ရှိတွင် တရားကျေးရွာထဲ အထိုင်ရှိနေပြီး ရှမ်းကိုင်းကျေးရွာနှင့် အုန်းတော ကျေးရွာတို့ကိုလည်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းကိုင်းကျေးရွာကို ထပ်မံမီးရှို့ပြီး ထွက်လာသည့် စစ်သားများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြားလည်း ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထိုထိတွေ့ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦးသေဆုံးခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

တရားကျေးရွာတွင် အထိုင်ချပြီး ရှမ်းကိုင်းကျေးရွာနှင့် အုန်းတောကျေးရွာကို မီးရှို့ဖြတ်စီးခဲ့သည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကျားတက်ကျေးရွာဆိုသည့် ရွာကို ထပ်မံရောက်ရှိကာ တစ်ညအိပ်နေခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ကံတွင်းကျေးရွာကို ဝင်ရောက်ကာ ဒေသခံများ၏ နေအိမ်များရှိ ပစ္စည်းများကို မွှေနှောက် ရှာဖွေနေသည်ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာကိုလည်း ‌ဒီဇင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ် အလုံးရေ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆားလင်းကြီးဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here