ထားဝယ်မြို့နယ်အတွင်း ဝန်ကြီးချုပ်လမ်းကြောင်းအတွက် လုံခြုံရေးစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရ

0
409

တိုင်းဝန်ကြီးချုပ်လမ်းကြောင်း လမ်းကင်းလုံခြုံရေးစစ်ကြောင်း ထားဝယ်မြို့နယ်အတွင်း ခြုံခိုတိုက်ခိုက်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ထားဝယ် – မေတ္တာ – ထီးခီးလမ်းမကြီးပေါ်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို လမ်းကြောင်းအတွက် လမ်းကင်းလုံခြုံရေးယူရန် ခြေလျင်စစ်ကြောင်း ထိုးလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က သရက်ငုတ်ကျေးရွာအနီး ခြုံခိုတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့ဘက်မှ လမ်းကင်းယူရန်ဝင်လာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို Dawei Guerrilla Revolutionary Force-DGRF နှင့် က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DGRF အဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

နှစ်ဘက်ကြား အပြန်အလှန် ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်မှ လူအင်အားအပြင် လက်နက်ကြီးများ၊ စက်သေနတ်များဖြင့်ပါ တန်ပြန် ဒလစပ် ပစ်ခတ်ခဲ့ခြင်းကြောင့် အင်အားချင်းမမျှသဖြင့် ဘေးကင်းလုံခြုံသည့်နေရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် DGRF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး DGRF တပ်ဖွဲ့ဝင် ၁ ဦး ကျည်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေး အင်အားအပြည့်ပါဝင်သည့် ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းတစ်ခု ထားဝယ်ဘက်မှ မေတ္တာမြို့ဘက်သို့ မောင်းနှင်သွားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းဖြင့် လိုက်ပါလာသည့် ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ထားဝယ်မြို့မှ မေတ္တာမြို့သို့ နေ့ချင်းပြန်ခရီး လာရောက်ခဲ့ခြင်းဖြစ်ပြီး ဟိန္ဒားကျေးရွာ ရေအားလျှပ်စစ်စီမံကိန်း ကိစ္စရပ်များကို ဆွေးနွေးသွားခဲ့သည်ဟု မေတ္တာမြို့ခံတစ်ဦးက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here