ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းကုန်း စီးနင်းတိုက်ခိုက်ခံရ

0
412

နယ်စပ် စခန်း စီးနင်းမှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သည့်အပြင် လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံဒေသရှိ၊ စစ်ကောင်စီတပ်၏ နယ်စပ်စခန်းကုန်းကို KNU လက်အောက်ခံ တပ်ဖြစ် သည့် KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းပြီး ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီ ၂၀ မိနစ် ခန့်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ် အရွယ် ကွမ်းသီးခြံ လုပ်ကိုင် နေသူ ရတနာပုံရွာသားတစ်ဦးက “ထမင်းစားချိန် ဥယျဉ်ခြံထဲကနေ ရွာကိုပြန်တာ တိုက်ပွဲဖြစ်သံကြားတော့ ခြံထဲပြန်ပြီး ပုန်းနေရတယ်။ ရွာသားတွေ အခုချိန်ထိ ရွာကို ပြန်မရဲကြသေးဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး လက်နက် အချို့ လည်း သိမ်းဆည်းရမိခဲ့သည်ဟု PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဇင်ဘာလ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပြီး တိုက်ပွဲကို KNLA တပ်ရင်း (၂၀၃)၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၊ မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းနှင့် Flying Star Force (ဘပ – ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စခန်းကုန်းကို ရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့၏ RPG ၁ လက်၊ MA 1 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများကို ပူးပေါင်းတပ်ဖွဲ့များ ဘက်က သိမ်းဆည်းရမိခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက် မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းကလည်း အဆိုပါ စခန်းကုန်းသို့ မြိတ်နှင့် ကော့သောင်းခရိုင်တို့မှ စစ်ကောင်စီ တပ်ရင်းများက လေညာတပ်ရင်းမှ တဆင့် လေညာ – ရတနာပုံ လမ်းအတိုင်း ခြေလျင် စစ်ကြောင်း များကို ယာဉ်တန်းများဖြင့် စစ်ကူရန်လာစဉ် လမ်းတလျောက် နေရာအနှံ့အပြားတွင်လည်း PDF ပူးပေါင်း တပ်ဖွဲ့ များဘက်က စောင့်ကြို၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြသေးသည်ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ လမ်းတလျှောက်တွင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဘက်ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် တိုက်ပွဲငယ်များတွင်လည်း ပူးပေါင်းတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီဘက်ကသာ သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်ဟု ဆိုသည်။

သို့သော် သေဆုံးဒဏ်ရာရှိသူ စာရင်းအတိအကျကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့က တိုက်ခိုက်မှုမှာ မိမိတို့ ပူးပေါင်းအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ကျေးရွာနေ ပြည်သူလူထုများနှင့် လုံးဝ (လုံးဝ) သက်ဆိုင်မှု မရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here