ပုသိမ်မြို့က ဝန်ထမ်းအိမ်ရာ ဗုံးကွဲမှု အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦးကို ထောင် ၇ နှစ်စီ ချမှတ်ခံရ

0
256

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဝန်ထမ်းအိမ်ရာ ဗုံးပေါက်ကွဲမှု သံသယဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ်စီ ချလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း အိမ်ယာ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦးကို ထောင် ၇ နှစ် စီချလိုက် ခြင်း ဖြစ်သည်။

“သူတို့ကို ဖမ်းထားတာ တစ်နှစ်ခွဲ လောက်ကြာနေပြီ။ အခုမှ အမိန့်ချလိုက်တာ နောက်ထပ်တစ်မှု ထပ်စစ်ဖို့ ကျန်နေသေးတယ်။ ဘာသက်သေခံမှ မရှိဘူး။ CCTV မှတ်တမ်းနဲ့ စွဲချက်တင်ပြီး ထောင်ချလိုက်တာ” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

ပုသိမ်မြို့ခံများ ဖြစ်သည့် ကိုလင်းလင်းထက်၊ ကိုဖိုးဇော် (ခ) ဇော်ဇော်နှင့် ဒေါ်သီတာထွေး တို့ ၃ ဦးကို ဖောက်ခွဲရေး ပုဒ်မ ၃ ခုဖြင့် နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီ၏ ပုသိမ်ထောင်တွင်း တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု တရားရုံး အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင်လည်း ပုသိမ်မြို့ အမှတ်-၂ ရပ်ကွက်နှင့် အမှတ် -၄ ရပ်ကွက် အကြား အမှတ် (၂) ငဝန်မြစ်ကူး တံတား အဆင်းရှိ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ဝန်ထမ်း အိမ်ယာဝန်း အတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှု၌ ပျက်စီးထိခိုက် ဒဏ်ရာရမှု မရှိခဲ့သော်လည်း ပုသိမ်မြို့ခံများ ဖြစ်သည့် ကိုလင်းလင်း ထက်၊ ကိုဖိုးဇော် (ခ) ဇော်ဇော် နှင့် ဒေါ်သီတာထွေး တို့ ၃ ဦးကို စစ်ကောင်စီ၏ သတင်း တပ်ဖွဲ့ဝင်များက CCTV မှတ်တမ်းအရ စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ က ပြောသည်။

ထွေ/အုပ် ရုံးဝန်ထမ်း နှင့် နီးစပ်သူတစ်ဦး က “အဲဒီ ဗုံး ပေါက်ကွဲမှုက စစ်တပ်က အာဏာပြီးတဲ့နောက် ပုသိမ်မှာ ပထမဆုံး ဖြစ်ခဲ့တာ လူလည်းမသေဘူး။ ဘာမှလည်း မပျက်စီးဘူး။ ဝန်ထမ်း အိမ်ယာ ခြံဝန်း အတွင်းထောင့်မှာ ပေါက်ကွဲတာ ခုထောင်ချခံရတဲ့ သူတွေက အဲ့ဒီအနားက ဖြတ်လျှောက်မိခဲ့သူတွေ” ဟု ပြောသည်။

ပုသိမ်မြို့တွင် ဗုံးဖောက်ခွဲမှုများ၊ ဒလန် ရှင်းလင်းမှုများ၊ ရဲစခန်း နှင့် ယာဉ်ထိန်းရုံး ပစ်ခတ် တိုက်ခိုက်ခံမှုများနှင့် ပတ်သက်၍ မသင်္ကာဘူးဟု ဆိုကာ ဖမ်းဆီးခံရသူ အယောက် ၆၀ ဦး နီးပါးခန့် ရှိနေပြီး အများစုမှာ ပြန်လွတ် မလာသေးဘူးဟု ဖမ်းဆီးခံထားရသည့် မိသားစုဝင်များ က ဆိုသည်။

ပုသိမ်အကျဉ်းထောင် အတွင်း ပုသိမ်ခရိုင် ၇ မြို့နယ်က နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိသည့် အနက် အ မျိုးသမီး နိုင်ငံရေး အကျဉ်းသား ၆၀ ကျော် ရှိနေပြီး ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်များ ချမှတ်ခြင်းကို ခံနေရသည်ဟု ဆိုသည်။

သို့သော် နိုင်ငံရေး အကျဉ်းသား အယောက် ၂၀၀ နီးပါးရှိသည့် အနက် အမျိုးသမီး အယောက် ၂၀ ကျော်ရှိ နေသည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူအချို့ က ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ပုသိမ်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် ပုသိမ်ခရိုင် အတွင်းက နိုင်ငံရေး အကျဉ်းသား ၄၆ အနက် အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ၃ ဦးသာ ပါဝင်သည်ဟု ပြန် လွတ်လာ သည့် နိုင်ငံရေး အကျဉ်းသားအချို့၏ ပြောပြချက်အရ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here