ဘုရားသုံးဆူမြိုနယ်နယ် မက္ကသာရွာအနီးရှိ သတ္တုခဲမိုင်းတွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က လေးကြိမ်မြောက် လာရောက်ဗုံးကြဲတိုက်ခိုက်

0
135

ဒီဇင်ဘာလ (၁) ရက်၊ ၂၀၂၂ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ မက္ကသာကျေးရွာအနီး အမှတ် (၆) သတ္တုခဲမိုင်းတွင်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ယမန်နေ့ည ညည်းနက်ပိုင်းတွင် စတုတ္ထအကြိမ်မြောက် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အမှတ် (၆) သတ္တုခဲမိုင်းတွင်းကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် ည (၁၂) နာရီ မိနစ် (၄၀) အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သတ္တုမိုင်းအတွင်းရှိ အဆောင်များ ထိခိုက်ပျက်စီးခဲ့သလို လူထိခိုက်မှုများ ရှိခဲ့သည်ဟုလည်း နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလိုပဲပြောပါသည်။

“၁၂ နာရီ မိနစ် (၄၀) လောက်မှာ အမှတ် (၆) သတ္တုခဲမိုင်းတွင်းကိုလာကြဲတာ။ ဂျက်လေယာဉ် ၂ စီးလာတယ်။ တစ်စီးကခေါင်မိုးပေါ်ကဖြတ်တယ်။ နောက်တစ်စီးက အသံနည်းနည်းဝေးတယ်။ လူအထိအခိုက်တာတွေလဲ များတယ်လို့ကြားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် အမှတ် (၆) သတ္တုခဲမိုင်းတွင်းကို လာရောက်ဗုံးကြဲချခြင်းကြောင့် အဆောက်အဦးနှင့် လူထိခိုက်မှုများရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်းပဲ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ညက သဗြုသတ္တုမိုင်းတွင်းနေရာကို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ပထမဦးဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မိုင်းတွင်း အလုပ်သမား ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းထိခိုက်ဒဏ်ရာရရှိသူများထဲတွင် တရုတ်နိုင်ငံသားတစ်ဦးပါဝင်ကြောင်းလည်း နယ်မြေခံကေအဲန်ယူဘက်က ပြောသည်။

ထပ်မံပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင်လည်း အဆိုပါ မိုင်းတွင်းနေရာကိုပဲ စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း တတိယအကြိမ် လေကြောင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်မှ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ မက္ကသာကျေးရွာ ပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းကိုလည်း လေယာဉ် ၄ စင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းလုံး ပျက်စီးခဲ့ရသေးသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here