ပခုက္ကူမြို့နယ် အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေ NUG ရဲ့ မူဝါဒအတိုင်း လုပ်ဆောင်မယ်ဟုဆို

0
178

၁၄ နိုဝင်ဘာ ၂၀၂၂

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြို့နယ် ပ.က.ဖ နဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး NUG ရဲ့ မူဝါဒတွေနဲ့အညီစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ Pakokku People’s Defence Force သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ က ပြောပါတယ်။

အခုလို မြို့နယ် ပကဖနဲ့အတူ ရပ်တည်ပြီး လုပ်ငန်းဆောင်ရွက်တာဟာ တော်လှန်ရေးအင်အားစုတွေကို ပိုမိုစုစည်းပြီး စစ်ရေးပစ်မှတ်တွေကို ပိုမိုကျစ်လစ်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ခုက ပကဖ အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ပိုစုစည်းတဲ့အနေနဲ့ရော စစ်ရေးပစ်မှတ် ပိုမိုကျစ်လစ်အောင် လုပ်တဲ့အနေနဲ့ပါ။ အဲဒီ ပကဖနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပူးပေါင်းမှုကို ပအဖ အနေနဲ့ အသိမှတ်ပြုပေးတဲ့ ဆိုတဲ့ သဘောပေါ့။ Code of Conduct မလိုက်နာတဲ့ အဖွဲ့အချို့ကတော့ မပါသေးပါဘူး။” လို့ PPDFသတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ A Tee က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီသဘောတူညီမှုကိုPakokkuPeopleDefenceForce (PPDF)၊ ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ ၁-တပ်ခွဲ၊ ပခုက္ကူ မြို့ပြပျောက်ကြားတပ်ဖွဲ့-ပခုက္ကူ မြို့ပြပျောက်ကြားတပ်ဖွဲ့ ၂၊ Young Force (UG)၊ Earthquake People’s Defence Force၊ RSO (Pku)၊ PKU N PDF၊ PKU Rabger၊ Black Cobra Force နဲ့ ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ဆောင်ရွက်ခဲ့တာပါ။

ဒါပေမယ့် မြို့နယ်ပကဖနဲ့အတူ ရပ်တည်ပြီး NUG ရဲ့ လမ်းညွှန်မှုကို လိုက်နာမယ်လို့ အဖွဲ့ (၁၀) ဖွဲ့က ထုတ်ပြန်ထားပေမယ့် ပခုက္ကူအခြေစိုက် တခြားတော်လှန်ရေးအဖွဲ့ (၅) ဖွဲ့ဝန်းကျင်ကတော့ ပါဝင်တာမရှိသေးပါဘူး။

ဘုံသဘောတူညီချက်တွေအရတော့ မြို့နယ် ပကဖ အဖွဲ့နဲ့အတူ ရပ်တည်သွားမယ့်အဖွဲ့တွေဟာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေကို အဓိက တိုက်ခိုက်သွားမှာဖြစ်ပြီး သတင်းပေး ဒလန်တွေနဲ့ အန္တရာယ်ရှိတဲ့ Non CDM ဝန်ထမ်းတွေကိုတော့ သတင်းအချက်အလက်ခိုင်မာအောင် စုံစမ်းပြီး တိကျသေချာမှသာ ရှင်းလင်းဖို့လည်း ပါဝင်ပါတယ်။

ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီထောက်တိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုသာ သိမ်းယူရမှာဖြစ်ပြီး သူတို့နဲ့မသက်ဆိုင်တဲ့ ပြည်သူကိုအကြမ်းဖက်တာ၊ စီးနင်းတာ၊ ပြန်ပေးဆွဲတာနဲ့ ဓားပြတိုက်တာတွေကို မလုပ်ကြဖို့ ဘုံသဘောတူညီချက်မှာ ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ဘုံသဘောတူညီချက်တွေ ချမှတ်လိုက်တာဟာ ရာဇဝတ်မှုတွေ၊ သတင်းမှားတွေနဲ့ ပြည်သူလူထုကို ဒုက္ခမဖြစ်အောင် ကာကွယ်ပေးဖို့ဖြစ်ပြီး ပြည်သူတွေမျှော်လင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်လာအောင် ကြိုးပမ်းတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့မပတ်သက်တဲ့ ပြည်သူတွေကို တိုက်ခိုက်တဲ့အဖွဲ့ကို မြို့နယ် ပကဖ ကဦးဆောင်ပြီး ရှုတ်ချတာ အမည်ပျက်စာရင်းသွင်းတာ NUG ရဲ့ လမ်းညွှန်ချက်နဲ့အညီ အပြစ်ပေးအရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here