လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် ရခိုင်တွင် သုံးရက်အတွင်း ဒေသခံ ၁၂ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

0
109

၁၄ နိုဝင်ဘာ ၂၀၂၂

ရခိုင်ပြည်အတွင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား ၁၂ ဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ထိခိုက်သေဆုံးသူများမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မောင်တောမြို့နယ်တို့မှဖြစ်ကြပြီး ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြသည်။

သေဆုံးသူ ၁၂ ဦးအနက် ၉ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ကျေးရွာအတွင်း သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့မှာ ဆင်အင်ကြီးကျေးရွာမှ ဦးမောင်မောင်သိန်း (၄၁) နှစ်၊ မောင်စံလှ (၃၈) နှစ်၊ ဦးခင်မောင် (၅၅) နှစ်၊ ဦးဇံ (၆၅) နှစ်၊ ဦးမောင်ကျော်သိန်း (၆၅) နှစ်၊ ဒေါ်မေနု (၅၀) နှစ်၊ ဒေါ်မခင်သိန်း၏ မိခင် (၉၂) နှစ်၊ ရသေ့တောင်နယ်မှ ဆေးဆရာတစ်ဦး (၆၀) နှစ်နှင့် ဦးမှဲ့နီ (၅၆) နှစ်တို့ ဖြစ်ကြသည်။

ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှ ဦးအေးစိုးသိန်း (၄၁) နှစ်နှင့် ဦးကျော်ချေ (၆၀) နှစ်တို့ သေဆုံးသွားခဲ့သည်။

နောက်တစ်ဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဂြိတ်ချောင်း (မြို) ရွာမှ အသက် (၄၅) နှစ်အရွယ် ဒေါ်မဆာထိုးဖြစ်ပြီး ၎င်းမှာ မိုင်းနင်းမိ၍ သေဆုံးသွားခြင်းဖြစ်သည်။

သုံးရက်အတွင်း ဒဏ်ရာရရှိသူ ၁၆ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ (၆) ဦး၊ ကျောက်တော်မြို့နယ်မှ (၇) ဦး၊ မြောက်ဦးမြို့နယ်မှ (၂) ဦးနှင့် စစ်တွေမြို့နယ်မှ (၁) ဦးတို့ ဖြစ်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒဏ်ရာရရှိသူ (၆) ဦးမှာ အိုင်ဒင်ကျေးရွာမှ ဒေါ်မေနုချေ (၅၂) နှစ်၊ မောင်စိုးဝင်းဦး (၁၅) နှစ်၊ ယာချောင်းကျေးရွာမှ ဦးဦးစောချေ (၆၀) နှစ်၊ ကျွဲထိုးကျေးရွာမှ မောင်ပြား (၂၂) နှစ်၊ ဦးမြကျော် (၂၈) နှစ်၊ ငှက်ကြီးကျွန်းကျေးရွာမှ (၇) တန်းကျောင်းသား မောင်ခင်မောင်ထွန်းတို့ဖြစ်ကြသည်။

၎င်းတို့မှာ နိုဝင်ဘာလ ၁၀ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ ဒဏ်ရာရရှိသူ (၇) ဦးမှာ ရွှေပြည်သစ်ကျေးရွာမှ မခိုင်ဇင်ဖြိုး (၇) နှစ်၊ မလှလှကျော့ (၇) နှစ်၊ မခင်စောဝေ (၂၇)နှစ်၊ ဦးမြအေး (၆၂) နှစ်၊ ဦးလှမြင့်အောင် (၇၃) နှစ်၊ မအောင်သောင်း (၂၉) နှစ်၊ မလှသန်းစိုး (၁၇) နှစ်တို့ဖြစ်ကြပြီး စစ်တွေမြို့နယ်မှ ဒဏ်ရာရရှိသူတစ်ဦးမှာ အမြင့်ကျွန်းကျေးရွာမှ ကိုကျော်သူဝင်း (၃၇) နှစ်တို့ဖြစ်ကြသည်။

၎င်းတို့မှာ နိုဝင်ဘာလ ၁၁ ရက် နေ့လည်ပိုင်းတွင် လက်နက်ကြီးကျည်ထိမှန်ခဲ့မှုကြောင့် တစ်နေ့တည်းတွင် ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

“သူ့မှာ မင်းချောင်းတံတားနားမှာ တဲရှိတယ်။ မိသားစုအလိုက် ပုဇွန်တာကိုစောင့်ပြီး နေကြတာ။ လက်နက်ကြီး ကျတဲ့အချိန်မှာ သူက လှေထက်မှာ ရေပစ်နေတယ်လို့ပြောတယ်။ အဲဒီအချိန်မှာ သူ့အနားကို လက်နက်ကြီး ပေါက်ကွဲပြီးတော့ ကျည်စထိသွားတာ” ဟု စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ဒဏ်ရာရရှိသွားသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

မြောက်ဦးမြို့နယ်မှ ဒဏ်ရာရသူ (၂) ဦးမှာ ကျောင်းတောင်ကျေးရွာမှ ဒေါ်မတင်သိန်း (၅၅) နှစ်နှင့် မောင်ကိုခိုင်ဝင်း (၁၂) နှစ်တို့ဖြစ်ကြသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်တွင် အခြေချထားသည့် မြန်မာစစ်တပ်က ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ဘာတိုက်ပွဲမှ ဖြစ်တာမဟုတ်ဘဲ အခုလို လက်နက်ကြီးတွေ လှမ်းပစ်တာ။ အကုန်လုံး အေးအေးဆေးဆေး အနေအထားမျိုးကနေ ရွာထဲကို အခုလို ရုတ်တရက်လက်နက်ကြီးကျလာပြီး လူတွေဒဏ်ရာရတာမြင်တော့ အရမ်းကြောက်သွားတာပေါ့။ နောက်ထပ်လည်း မပစ်တော့ဘူးလို့ မပြောနိုင်ဘူးလေ။ ဒါကြောင့် ရွာကလူတွေက အနီးအနားကျေးရွာတွေမှာ ရှောင်နေကြရပါတယ်” ဟု ကျောင်းတောင်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ထိခိုက်၊သေဆုံးရမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှု၊ ကျေးရွာအတွင်းသို့ဝင်ရောက်ကာ ရက်စက်စွာ သတ်ဖြတ်မှုတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံးသွားရခြင်းအပေါ် တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here