စစ်ကောင်စီတပ်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများအပါအဝင် အမှုပေါင်း ၆၅ ခုအထိ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန လက်ခံရရှိထား

0
202

၉ နိုဝင်ဘာလ ၂၀၂၂

စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါးကြာ ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို တိုင်ကြားလာသည့် အမှုပေါင်း ၆၅ မှု ရှိသည့်အနက် လတ်တလော စိစစ်နိုင်သည့် အမှုမှာ ၂၅ မှုရှိပြီဟု ထိုဝန်ကြီးဌာနမှ အမျိုးသမီးနှင့် ဂျန်ဒါရေးရာဌာန ဌာနမှူး ဒေါ်သန္တာက ပြောသည်။

“ကျမတို့ကို တိုင်ကြားလာတာ ၆၅ ခုရှိပါတယ်။ ထိခိုက်ခံစားရတဲ့သူက ၁၂၄ ဦးရှိပါတယ်။ အဲဒီအားလုံးထဲမှာမှ ကျမတို့ verify (စီစစ်) လုပ်နိုင်တဲ့အမှုက ၂၅ ခုပဲ ရှိခဲ့ပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးသွားမယ်ဆိုရင် IIMM (မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တယား) ကို ကျမတို့ ပို့ရတာရှိတယ်။ နောက်ပြီးတော့ ပြည်တွင်း တရားစီရင်မှုကို သွားဖို့အတွက်ဆိုရင် အရှေ့မှာပြောသလို MOHAI (ပြည်ထဲရေး ဝန်ကြီးဌာန) တို့၊ MOJ (တရားရေးဝန်ကြီးဌာန) တို့နဲ့ပေါင်းပြီး ကျမတို့က သတင်းပေးတိုင်ချက်တွေကို ကျမတို့က အမှုဖွင့်ရတာ ရှိပါတယ်။”

မြေပြင်တွင် အမှုပေါင်းမြောက်များစွာ ရှိနေသော်လည်း NUG အစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနကို တရားဝင်တိုင်ကြားလာသည်မှာ အမှုပေါင်း ၆၅ မှု သာရှိနေသေးသည့်အတွက် မြေပြင် က အချက်အလက်များ၊ အခြေအနေများနှင့် ကွာခြားနိုင်သည်ဟု ဒေါ်သန္တာက ပြောသည်။

NUG အစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေး ရာ ဝန်ကြီးဌာနကို တိုင်ကြားလာသည့် အမှုများထဲ တွင် အများစုမှာ စစ်တပ်က ကျူးလွန်သည့် လိင်အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများဖြစ်ပြီး အိမ်တွင်းအကြမ်းဖက် မှု အချို့လည်း ပါဝင်သည်ဟု ဆက်ပြောသည်။

ဒေါ်သန္တာက “စစ်တပ်က ကျူးလွန်တဲ့ကိစ္စတွေကတော့ တော်တော်များများ နိုင်ငံတကာ တရားစီရင်ရေးစနစ် ယန္တယားကိုလည်း ကျမတို့သွားနေသလို ပြည်တွင်းမှာလည်း ဒီ transitional justice (အသွင်ကူးပြောင်းရေးကာလ အမှန်တရား) အတွက် ကျမတို့ စီစဉ် ထားတာတွေ ရှိပါတယ်။ အဓိကတော့ ဒီ sexual violence cases (လိင်ဆိုင်ရာ အကြမ်းဖက်မှု အမှုများ) ကို အဓိကထားပြီးတော့ အများဆုံးပေါ့ လေ။ အိမ်တွင်း အကြမ်းဖက်မှုကိုလည်း တိုင်ကြားလာတာတော့ ရှိပါတယ်။ သို့သော် ကျမတို့ဆီရောက်လာတဲ့ cases (အမှု) တွေ ကြည့်တဲ့အခါ မီဒီယာပေါ်မှာ ကျမတို့ အများအားဖြင့် တွေ့နေရတဲ့ cases တွေထက်တော့ အများ ကြီးလည်း နည်းပါလိမ့်မယ်” ဟု ပြောသည်။

NUG အစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် တိုင်ကြားလာသည့် အမှု များနှင့် ပတ်သက်၍ ကျူးလွန်ခံရသူများကို စိစစ်မေးမြန်းရာတွင် လုံခြုံရေးအခက်အခဲကြောင့် နှောင့်နှေးမှုများ၊ ဆက်သွယ်မှု ခက်ခဲပြီး စိစစ်၍ မရသည်များလည်း ရှိနေသည်ဟု ပြောသည်။

“တရားစီရင်ရေးကို သွားတဲ့အခါ တိကျခိုင်လုံတဲ့သက်သေရဖို့ ကျမတို့အတွက် အင်မတန်မှ စိန်ခေါ်မှု ဖြစ်ပါ တယ်။ တချို့အမှုတွေဆိုရင် တိုင်ကြားလာတယ်။ ဒါပေမယ့် တိုင်ကြားလာတဲ့သူကို ကျမတို့က ဒီ verify (စီစစ်) လုပ်ဖို့အတွက် ဆက်သွယ်ရင် လုံးဝအဆက်အသွယ်မခံတော့ပဲ တကြိမ်လောက်ပြန်ဖြေတယ်။ ဒုတိယအကြိမ်၊ တတိ ယအကြိမ်လောက်မှာ လုံးဝဆက်သွယ်လို့မရတော့တဲ့ အမှုမျိုးလည်း ရှိခဲ့တယ်။ ကျမတို့ နားလည်ပါတယ်။ ဒီ စစ်ကောင်စီလက်အောက်မှာ လုံခြုံရေးဟာ အပြင်းအထန်စိန်ခေါ်မှု ဖြစ်နေတဲ့အတွက်ကြောင့် ကျမတို့က ပြန် ပြီး ဆက်သွယ်တဲ့အခါ ဒီလိုဆက်သွယ်လို့ မရတဲ့အမှုတွေလည်း ရှိခဲ့တဲ့တာကို ဒီနေရာကနေပဲ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုပါတယ်။ အချက်အလက်စုနိုင်တဲ့ အမှုက ၂၅ မှုပဲ ရှိခဲ့တယ်” ဟု ဒေါ်သန္တာက ဆက်ပြောသည်။

ပြစ်မှုများနှင့် ပတ်သက်၍ တိုင်ကြားလာသူများ၏ လုံခြုံရေးကိစ္စရပ်တို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဆက် ပြောသည်။ “ကျမတို့ တိုင်ကြားလာမယ့် ယဉ်ကျေးမှုတွေ ထုံးတမ်းအစဉ်အလာတွေကနေ ဖောက်ပြီး တော့ တိုင်ကြားလာရမယ့် လူတွေရှိတယ်။ စစ်တပ်က ကျူးလွန်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ရှင်းရှင်းပြော ရရင် ကျမတို့ရဲ့ PDF ကျမတို့ရဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကနေ ကျူးလွန်တာလည်း ဖြစ်ရင်ဖြစ်မယ်။ မဟာမိတ်အဖွဲ့တွေက ကျူးလွန်တာလည်း ဖြစ်ရင် ဖြစ်မယ်။ အဲ့ဒီလူတွေကို ကျမတို့ ဘယ်လောက် လုံခြုံရေး ပေးနိုင်မလဲဆိုတဲ့ အစီအမံကလည်း ကျမတို့ transitional justice (အသွင်ကူးပြောင်းရေးကာလ အမှန်တရား) အတွက် ကျမတို့ ထည့်သွင်းစဉ်းစားရမယ့် ပေါ်လစီတခုထဲမှာ ပါ ပါတယ်” ဟု ဒေါ်သန္တာက ဆက်ပြောသည်။

ယခု စိစစ်ရရှိထားသည့် အမှုများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပို့ပြီး နိုင်ငံတကာမှ အရေးယူနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် အသွင်ကူးပြောင်းရေး ကာလရောက်ပါက ကျင့်သုံးရမည့် မူဝဒါများကို စတင်ပြင်ဆင်နေပြီး ကျား/မ တန်းတူရေး၊ မုဒိမ်းမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်မည့် အခြေအနေများ ယန္တယားများကို ပြင်ဆင်နေကာ စတင် စိစစ်လုပ်ဆောင်နေပြီဟု ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here