ဟင်္သာတမြို့နယ် NLD မှ တိုင်းလွှတ်တော်အမတ်၏ အစ်မဖြစ်သူနေအိမ်ကို ချိပ်ပိတ်ခံရ

0
179

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် အမှတ်-၂ မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်း၏ အစ်မကြီးဖြစ်သူနေအိမ်အား စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“စစ်သားတွေ ရဲတွေ အင်အားအတော်များတယ်။ အရပ်ဝတ်တွေလည်းပါတယ်။ သေနတ်တွေ တကားကားနဲ့ဆိုတော့ အလန့်တကြား ဖြစ်ကုန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးအေးမင်း အစ်မကြီး၏နေအိမ်အား အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်း၏ နေအိမ်ကိုမူ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလဆန်းပိုင်းက ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီးနောက် အစ်မအကြီးဆုံးဖြစ်သူ၏ နေအိမ်ကို ယခု ထပ်မံချိပ်ပိတ် သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ခန့်က လမ်းနှစ်ဖက်ကိုပိတ်ဆို့ကာ အိမ်အတွင်းက ပစ္စည်းများကို ရွှေ့ပြောင်းခိုင်းပြီး နေအိမ်ကို ဗီနိုင်းစာကပ်ကာ ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါအိမ်တွင်နေထိုင်သူ ဦးအေးမင်း၏ အစ်မအကြီးဆုံးဆိုသူအား အိမ်ပေါ်မှ အတင်းအဓမ္မ ဖယ်ရှားခိုင်းလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဟင်္သာမြို့နယ် မဲဆန္ဒနယ် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ဦးအေးမင်းမှာ အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဆန့်ကျင်နေသဖြင့် စစ်ကောင်စီက ၎င်းကို ဖမ်ဒဝရမ်းထုတ်ထားသည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

“အဲ့ဒီအိမ်မှာ ကိုအေးမင်းက နေတာလည်း မဟုတ်ဘူး။ ရှိလည်း မရှိဘူး။ သူ့ကို စစ်ကောင်စီက ပြန်လာပြီး ခံဝန်နဲ့နေဖို့ မိသားစုကတဆင့် ဆက်သွယ်ပြောခိုင်းတယ်။ ဒါပေမယ့် သူက ပြန်မလာဘူး” ဟု ဦးအေးမင်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ၎င်းတို့ထံတွင် ခံဝန်မလုပ် အညံ့မခံဘဲ ဆက်လက်ဆန့်ကျင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ NUG၊ CRPH၊ PDF အဖွဲ့ဝင်များနှင့် ၎င်းတို့ကို ထောက်ပံ့သူများအဖြစ် စွပ်စွဲ ဝရမ်းထုတ်ခံရသူများ၏ နေအိမ် အဆောက်အဦးများကို ချိပ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်နေပြီး ကျန်မိသားစုဝင်များကိုပါ နည်းမျိုးစုံဖြင့် အနှောက်အယှက် ခြိမ်းခြောက်မှုများ ပြုလုပ်လျှက်ရှိသည်။

အမည်မဖေါ်လိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက “နိုင်ငံရေး ပုဒ်မတခုခုနဲ့ စွပ်စွဲခံရသူ ဒါမှမဟုတ် အပြစ်ဒဏ်ချမှတ်ခံရသူရဲ့ ကျန်ရစ်တဲ့ မိသားစုနဲ့ ဆွေမျိုးတော်စပ်သူတွေရဲ့ နေအိမ်တွေအပါအဝင် ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းတာက ဥပဒေကြောင်းအရ အကျုံးမဝင်ဘူး” ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းရာတွင် အိမ်၊ ခြံမြေ၊ အခမဲ့စာသင်ကျောင်း၊ ပရဟိတရုံး၊ ဆေးခန်း၊ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ လူနာတင်ယာဉ်၊ ကိုယ်ပိုင်ကားနှင့် စားသောက်ဆိုင်များလည်း ပါဝင်သည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းအတွင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့မှ နေအိမ်နှင့်ကားအပါအဝင်၊ ပုသိမ်၊ မြောင်းမြ၊ ရေကြည်၊ အသုတ်၊ မအူပင်၊ ညောင်တုန်း၊ ဖျာပုံ၊ ဝါးခယ်မ၊ ချောင်းသာ၊ ဖျာပုံ၊ ငရုတ်ကောင်း စသည့်ဒေသများတွင် ချိပ်ပိတ်သိမ်းဆည်းခံရမှုပေါင်း ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်ဟု ဒေသခံများနှင့် ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here