မြိတ်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ ဒု-အရာခံဗိုလ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံး

0
136

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်။

မြိတ်မြို့နယ်အတွင်းရှိ တုံးဗျောကျေးရွာအုပ်စု တုံးဗျောငယ်ကျေးရွာတွင် စစ်ကောင်စီကင်းစခန်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဒု-အရာခံဗိုလ်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

အသက် ၅၀ နှစ် အရွယ် ရွာသားတစ်ဦးက “အုပ်ချုပ်ရေးမှူးအိမ်ကို အရင်ဆုံးစပစ်တာ ဦးစိန်သန်း အိမ်ပေါ်ကနေ ဆင်းပြေးပြီး ကားပေါ်အတက်မှာ ပစ်သတ်ခံထိတာ။ စစ်တပ် ကင်းစခန်းဘက်မှာလည်း သေနတ်သံတွေ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာတွေ ကြားရတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၅ နာရီခန့်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးရာမှ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

အပြန်အလှန် နှစ်ဘက်ပစ်ခတ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီကင်းစခန်းမှ ဒု-အရာခံဗိုလ်တစ်ဦး သေဆုံးကာ စစ်သား ၅ ဦး လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရာမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ ကျေးရွာသို့ ပြန်လည်ရောက်ရှိနေသည့် စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်သန်း အသက် ၄၅ နှစ်သည်လည်း ၎င်း၏နေအိမ်တွင်ပင် ပစ်သတ်ခံလိုက်ရသည်။

သေဆုံးသူ ဦးစိန်သန်းသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် မျက်နှာဖုံးစွပ်လူတစ်စုမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မြိတ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ဖူးသူလည်းဖြစ်သည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်း ဦးစိန်သန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာတွင် ရောက်ရှာဖွေပြီး ဦးစိန်သန်း ထွက်ပြေး လွတ်မြောက်သွားခဲ့သဖြင့် နေအိမ်အတွင်းရှိ အိမ်ထောင်ပရိဘောဂပစ္စည်းများ စုပုံမီးရှို့ခံခဲ့ရသေးသည်။

ဦးစိန်သန်းသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရပ်ကျေးဥက္ကဋ္ဌဖြစ်သည့်အပြင် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကမူ ထိုနေ့ နံနက် ၈ နာရီကျော်အချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်ခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အရေးပေါ်လူနာတင်ကားများရောက်ရှိလာပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မြိတ်မြို့ဘက်သို့ သယ်သွားခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ဦးစိန်သန်း၏ အလောင်းကို ၎င်း၏နေအိမ်တွင်ပဲ ထားခဲ့ကြသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့က ထိုနေ့ နေ့လည်ပိုင်းအချိန်ထိ ကားလမ်းမကြီးအား ပိတ်ဆို့တားဆီးကာ မြိတ် – တနင်္သာရီ သွားလာသည့်ကားများနှင့် ခရီးသွားပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့သော ပစ်ခတ်မှုများနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်ကြသည့် ရွာသားများမှာမူ ထိုနေ့နံနက်ပိုင်း တိုက်ပွဲပြီးချိန်မှစတင်၍ နီးစပ်ရာ အခြားကျေးရွာများနှင့် မြိတ်မြို့သို့ ကားကြီး ကားငယ်များဖြင့် ပြောင်းရွှေ့နေကြသဖြင့် ကျေးရွာအတွင်း လူပင်မကျန်သလောက်ဖြစ်နေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

တုံးဗျောကျေးရွာသည် မြိတ်မြို့မှ ၂၈ မိုင်ခန့်သာကွာဝေးပြီး မြိတ်-တနင်္သာရီ-ကော့သောင်းမြို့သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိသည်။

အိမ်ခြေတစ်ရာကျော်ခန့်ရှိပြီး လယ်ယာနှင့် ဥယျဉ်ခြံမြေ လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ပျူစောထီးအင်အားကောင်းသည့် ကျေးရွာတစ်ရွာလည်းဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here