ပုလောမြို့နယ်အတွင်း စစ်ကောင်စီက ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်တစ်လုံး ပျက်စီး

0
100

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စခန်းချ လုံခြုံရေးယူပေးထားသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် နေအိမ်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဂျိမ်း ဂျိမ်း ဂျိမ်းဆိုပြီး ပေါက်ကွဲသံတွေကြားရတယ်။ ရွာထဲမှာက အသက်ကြီးပိုင်း တချို့တလေပဲရှိတယ်။ ကျန်ရွာသားတွေက အရင် မိုးတွင်းဘက် တိုက်ပွဲတွေ မကြာခဏ ဖြစ်ကတည်းက ရွာမှာ မနေရဲတော့ဘဲ ရှောင် ပြေးနေကြရတာ” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီဘက်မှ အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၁ မှ စခန်းချ လုံခြုံရေးယူပေးထားသည့် ကျောင်းနိမ့်ကျေးရွာကို စစ်တပ်က ဒရုန်းဖြင့်သယ်ဆောင်လာသည့် အီနာဂါ ဗုံးသီး ၆ လုံး ကြဲချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ရွာသားများ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ နေအိမ်တစ်ဆောင်သာ ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလတုန်းကလည်း စစ်ကောင်စီ၏ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဒူးရင်းပင်ရှောင်ကျေးရွာ KPDF စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများက ကန့်ကွက်ရှုတ်ချမှု ပြုလုပ်လာချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဂျက်တိုက်လေယာဉ်များအစား ကစလထုတ် ဒရုန်းများဖြင့် ဝေဟင်မှ တိုက်ခိုက်မှုများ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ပုလောဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများနှင့် နယ်မြေ ရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဘက် ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများမှာ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသဖြင့် အလုပ်လက်မဲ့များဖြစ်ကာ စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲများ ရှိနေကြသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က KNU ထိန်းချုပ်နယ်မြေအတွင်းရှိ နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ဆားခဲ၊ သင်္ကန်း ပင်ရှောင်၊ ဒူးရင်းပင်ရှောင် စသည့် ကျေးရွာများကို ဆန်နှင့် အခြားစားနပ်ရိက္ခာများ သယ်ယူခွင့်ကိုလည်း ပိတ်ပင် ဖြတ်တောက်ထားသည်မှာ လအတန်ကြာရှိနေပြီဖြစ်သည်။

ယခုလက်ရှိတွင် ပုလောဒေသအတွင်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုများ ခေတ္တရပ်နားထားပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေကာ လာမည့်ပွင့်လင်းရာသီအတွင်း အင်အားအများအပြားဖြင့် နယ်မြေရှင်းလင်းရန် စစ်ဆင်ရေး ပြုလုပ်လာနိုင်ခြင်းကြောင့် ပြည်သူများ ဂရုတစိုက်သွားလာနေထိုင်ကြရန်နှင့် စစ်ရေးသတိရှိကြရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here