ရေဖြူမြို့နယ်အတွင်း ပျူစောထီသေဆုံးမှု လာစစ်ဆေးသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

0
118

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။

ရေဖြူမြို့နယ်၊ ပုဂေါစွန်းကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာအဝင် ရှမ်းလမ်းဆုံအနီး ပျူစောထီးအဖွဲ့ဝင် ဦးညံအေး အသတ်ခံရမှုကို စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်တပ်သား နှစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထားဝယ် (ပကဖ) DGRF အဖွဲ့ဝင်တစ်ဦးက “သူတို့က ဦးညံအေး ပစ်သတ်ခံရတာကို စစ်ဆေးဖို့လာတယ်ဆိုပေမယ့် ရွာထဲရောက် နေတဲ့ PDF အဖွဲ့ဝင် ၂ ယောက် ကို ဖမ်းဖို့လည်း အစီအစဉ်ရှိနေတယ်လို့ ကြိုပြီး သတင်းရထားတာကြောင့် အခုလို ကြိုစောင့်ပြီး တိုက်ခိုက်လိုက်တာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ကို အောက်တိုဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်က စောင့်ကြိုတိုက်ခိုက်ရာ ၂ ဦး သေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိသွားသည်ဟု ထားဝယ် (ပကဖ) DGRF အဖွဲ့ဝင်က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို အတည်ပြုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် အတူ နဘုလယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၇ ဦး လိုက်ပါစီးနင်းလာသည့် ဗွီဂို ကားအဖြူရောင်ကို ထားဝယ် (ပကဖ) DGRF၊ လောင်းလုံး (ပကဖ) LLPDF နှင့် T-PDF အဖွဲ့တို့က ကြားဖြတ်ကာ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DGRF အဖွဲ့ဝင်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း PDF ပူးပေါင်းအဖွဲ့များဘက်တွင် အထိအခိုက် တစ်စုံတရာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်က ပြောသည်။

အသက် ၃၅ နှစ်အရွယ် ဒေသခံရွာသားတစ်ဦးကလည်း “စစ်တပ်ကလာလိမ့်မယ်လို့ မနက်အစောပိုင်းထဲက ကြားထားလို့ ရွာသားတချို့က ရှောင်နေကြတာ။ ရွာထဲမှာလူသိပ်မရှိဘူး။ အသက်ကြီးပိုင်းတွေလောက် ကျန်တယ်။ အခုလို တိုက်ပွဲဖြစ်မယ်တော့ မထင်ထားဘူး” ဟု ပြောသည်။

သေဆုံးထိခိုက် ဒဏ်ရာရသွားခဲ့သည့် စစ်ကောင်စီတပ်သားများကို အရေးပေါ် လူနာတင်ယာဉ်များဖြင့် ရေဖြူဆေးရုံဘက်ကို တင်ဆောင်သွားခြင်းကို မြင်လိုက်ရသည်ဟုလည်း ဒေသခံများက ပြောသည်။

ယခုတိုက်ခိုက်မှုမတိုင်ခင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က ပျူစောထီးအဖွဲ့ဝင် ဦးညံအေးဆိုသူကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ပျူစောထီးအဖွဲ့ဝင် ဦးညံအေးဆိုသူ အသတ်ခံလိုက်ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံတိုက်ခိုက်ခံရကာ သေဆုံးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကြောင့် နောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here